တတိယအကြိမ်မြောက် ရခိုင်လွှတ်တော်တွင် အမျိုးသမီးအမတ်များ ပါလာတော့မည်

ရခိုင်ပြည်နယ်လွှတ်တော် သက်တမ်းတစ်လျှောက်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပထမဆုံး အကြိမ် လွှတ်တော်တက်ရောက်ခွင့် ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ရလဒ်များအရ သိရသည်။

By ခ 10 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၁၀ ၊ စစ်တွေ

တတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး လွှတ်တော် တက်ရောက်ခွင့်ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှထုတ်ပြန်သည့် ရွေးကောက်ပွဲ ရလဒ်များအရ သိရသည်။

၂၀၁၅ လွှတ်တော်တွင် ပြည်နယ်လွှတ်တော်တစ်ခုလုံး၌ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ယခု ၂၀၂၀ လွှတ်တော်တွင် ပါဝင်လာခြင်းဖြစ်သည်။

ယခုလက်ရှိ မဲစာရင်းအရေအတွက်များအရ ရခိုင်အမျိုးသားပါတီ(ANP)ကိုယ်စားပြု ယှဉ်ပြိုင်ကြသည့် မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်တင်ရီနှင့် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ခင်မျိုးယဉ်တို့မှာ မဲအသာစီးရနေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးများပါဝင်လာခြင်းကိုကြိုဆိုပြီး စစ်ဖြစ်ပွားနေသည့်နေရာများမှ အမျိုးသမီးများအသံအား လွှတ်တော်ထဲရောက်အောင် ပို့ပေးနိုင်ဖို့မျှော်လင့်ကြောင်း ရခိုင်ပြည်နယ်မှ အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးကပြောသည်။

“အခုရွေးကောက်ပွဲမှာ အမျိုးသမီးတွေတွေ့ရတယ်ပေါ့၊ အဲဒါကြောင့်ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့က အမျိုးသမီးတွေဆိုတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေတက်လာခြင်းကို အများကြီး ကြိုဆိုပါတယ်။ အခုလိုပဲ အမျိုးသမီးတွေ ရာနှုန်းပြည့်တက်ဖို့လိုတယ်။ ကိုယ်တိုင်ကလည်း အများကြီး ကြိုးစား ပမ်းစားပံ့ပိုးပေးနေဖို့လိုတယ်။ သူတို့ပံ့ပိုးပေးမှုကိုလည်း ကျမတို့အမျိုးသမီးတွေအနေနဲ့လိုအပ်တယ်။ နောက်တစ်ခု ကလည်း လွှတ်တော်ထဲကိုသူတို့ရောက်သွားတော့ သူတို့မေးတဲ့မေးခွန်းတွေထဲမှာ စစ်ပွဲကြားထဲမှာ ခံစားနေရတဲ့ အမျိုးသမီးဒုက္ခတွေ၊ သေဆုံးသွားတဲ့ကိစ္စတွေကို တင်ပြလာနိုင်မယ်ပေါ့” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးယဉ်ကလည်း ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခဒဏ် ခံစား နေကြရသော ပြည်သူများအတွက် အဓိကရပ်တည်သွားမည်ဟုဆိုသည်။

“နောက်ဆင်းရဲမွဲတေမှုတွေနဲ့ပတ်သက်ပြီးလည်း ပစ္စည်းတွေကူညီပေးနေတာတွေရှိတယ်။ တောင်ကုတ်အနေနဲ့ ကျတော့ စစ်ဘေးကတော့ လွတ်တယ်လေ၊ သို့ပေမဲ့ ဖမ်းဆီးကိစ္စတွေ၊ တရားမဝင်ကိစ္စတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေလည်းရှိနေတယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူလူထုဖက်က မားမားမတ်မတ်ရပ်တည်သွားမယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းမှာ အမျိုးသား ၆၉ ဦးနှင့် အမျိုးသမီး ၁၀ ဦး ပါဝင်သည်။

ပထမအကြိမ်တွင် ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဒေါ်သန်းစိန်က လွှတ်တော်တွင်ပါဝင်ခဲ့သည်။

ဗီဒီယိုများ