ထဘီကို အလံလုပ်ခြင်းမှာ ရခိုင်ပြည်ကို နစ်နာပါစေကြောင်း လုပ်ခြင်းမဟုတ်ဟုဆို

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၌ မျိုးဆက်သစ်အမျိုးသမီးများ (Women Generation) အဖွဲ့မှ စစ်တွေကမ်းခြေတွင် ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ  ဆောင်ပုဒ်ဖြင့် ပြုလုပ်မှုများကို ဝေဖန်မူများရှိသကဲ့သို့ ထောက်ခံမှုလည်းရှိနေသည်။

12 Mar 2021

DMG ၊ မတ် ၁၂

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၌ မျိုးဆက်သစ်အမျိုးသမီးများ (Women Generation) အဖွဲ့မှ စစ်တွေကမ်းခြေတွင် ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ  ဆောင်ပုဒ်ဖြင့် ပြုလုပ်မှုများကို ဝေဖန်မူများရှိသကဲ့သို့ ထောက်ခံမှုလည်းရှိနေသည်။

အမျိုးသမီးများဝတ်ဆင်သည့် ထဘီမှာ ထဘီသာဖြစ်ပြီး ရခိုင်တွင် ကိုယ်ပိုင်အလံရှိသည့်အတွက် ယခုကဲ့သို့ မပြုလုပ်သင့်ကြောင်း ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

မြတန်ဆောင်ဆရာတော်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “ တကယ်လို့ မင်းတို့စိတ်ထဲမှာ ထဘီဟာ မယုတ်ညံ့ဘူးလို့ ပြောချင်ရင် အခြားပြောလို့ရတဲ့ပုံစံတွေ၊ လုပ်လို့ရတဲ့ ပါဖောမက်တွေ အများကြီးပါ၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်သံနဲ့လုပ်ပြကြပါ ” ဟု စသည့်ဖြင့် ရေးသားထားသည့်ကို တွေ့ရသည်။

ယခုကဲ့သို့ ဝေဖန်မူများနှင့်ပတ်သတ်ပြီး မျိုးဆက်သစ်အမျိုးသမီးများ (Women Generation) မှ တာဝန်ခံ မခင်မြင့်ဇော်က ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ နိုင်ငံရေးအရလုပ်ခြင်းမဟုတ်ကြောင်း ပြောသည်။

“ကျမတို့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျမတို့လုပ်တာဖြစ်တယ်။ အဓိကပြောချင်တာကတော့ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သတ်ပြီး ကျမတို့လုပ်တာမဟုတ်ဘူး၊ ရခိုင်ပြည်နယ်နဲ့ ပတ်သတ်လို့ ရခိုင်ပြည်ကို နစ်နာပါစေလို့ လုပ်တာမဟုတ်ဘူး၊ ဒါက ကျမတို့ အဖွဲ့အစည်းတစ်ခုရဲ့ ဆန္ဒတစ်ခုသာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး မခင်မြင့်ဇော်က “ကျမတို့ သုံးတာက ငရို့ထဘီ င့ရို့အလံ ငရို့အောင်ပွဲဆိုတာက ကျမတို့ မြင်တာကတော့ မိန်းမတွေရဲ့ ထဘီဆိုတာ ကျမတို့အတွက် အောင်လံတစ်ခုဖြစ်တယ်။ ကျမတို့အတွက် အောင်ပွဲတစ်ခုလည်း ဖြစ်ရမယ်၊ ထဘီဆိုတာ နစ်နွမ်းတဲ့အရာတစ်ခုမဟုတ်ဘူးဆိုတာကို ကျမတို့အဖွဲ့တစ်ခုရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော်ပြတာဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဝေဖန်ပုတ်ခတ်နေခြင်းမဟုတ်ဘဲ အမျိုးသမီးများအား ကိုယ်စားပြုမှုများ လုပ်ဆောင်ပေးသင့်ကြောင်း စစ်တွေမြို့မှ တက်ကြွလူငယ်တစ်ဦးဖြစ်သည့် ကိုမင်းဘာချေက ထောက်ပြသည်။

“ကျနော်တို့ ပြောင်းလဲမှုတစ်ခုအတွက် ကြိုးစားနေတဲ့လူတွေဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် ပညာရှိလို့ ခံယူထားတဲ့လူတွေဖြစ်ဖြစ်၊ သူတည်းမဟုတ် ပညာတတ်အသိုင်းအဝိုင်းတွေဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်လိုပုံစံပဲဖြစ်ဖြစ် လုပ်နေကြတဲ့လူတွေဟာ အမျိုးသမီးတွေ ခံစားမှုရှိနေတဲ့အသံတွေကို ကျနော်တို့ နားထောင်ဖို့လိုအပ်တယ်။ အမျိုးသမီးအသံတွေ၊ ပြောဆိုတာတွေ နားထောင်ဖို့လိုအပ်ပါတယ်”  ဟု ၎င်းကပြောသည်။

ဗီဒီယိုများ