အကြမ်းဖက်ပုဒ်မနှင့် မြန်မာစစ်တပ်မှ တရားစွဲထားသည့် တောင်ကုတ်ဒေသခံ ၉ ဦး ပြန်လွှတ်ပေးရေး မိသားစုဝင်များတောင်းဆို

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဒေသခံ ၉ ဦး ပြန်လည်လွတ်မြောက်လာရန် မိသားစုဝင်များကမျှော်လင့်နေကြသည်။

07 Jun 2021

DMG ၊ ဇွန် ၇

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဒေသခံ ၉ ဦး ပြန်လည်လွတ်မြောက်လာရန် မိသားစုဝင်များကမျှော်လင့်နေကြသည်။

တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ကမာကျေးရွာမှ ကိုအောင်နိုင်စိုး၊ ချက်ပေါက်ကျေးရွာမှ ကိုဌေးမောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုကျော်တင်အောင်၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်၊ လမူးကျေးရွာမှ ကိုစံချစ်အောင်၊ ကိုလှသန်းမောင်တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက် နေ့တွင် မြန်မာစစ်သားများက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၉ ဦးအား အေအေနှင့်ဆက်စပ်သည်ဆိုကာ မြန်မာစစ်တပ်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ)၊ ၅၀(ည) တို့နှင့် တရားစွဲဆိုထားသဖြင့် ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာနေပြီ ဖြစ်သည်။

ရခိုင်ပြည်အတွင်းမှ အကြမ်းဖက်ဥပဒေနှင့် စွဲဆိုထားသည့် အမှုအချို့ကို လက်ရှိတွင် ပြန်လည်ရုပ်သိမ်းပေးမှုများရှိလာသဖြင့် ၎င်းတို့ ၉ ဦး၏ အမှုကိုလည်း ပြန်လည်ရုပ်သိမ်းပေးရန် မိသားစုဝင်များက မျှော်လင့်နေကြသည်။

ဖမ်းဆီးခံထားရသည့် ကိုသန်းဇော်ဌေးနှင့် ကိုသန်းဇော်ဇော်တို့၏ အစ်ကိုဖြစ်သူ ဦးရွှေအေးက “ ကိုယ့်အိမ်မှာကိုယ် လုပ်စားနေတဲ့သူတွေကို ခဏလေးဆိုပြီးခေါ်သွားတာ အခုအချိန်ထိ ပြန်မလွှတ်သေးဘူး။ အကုန်လုံးကလဲ ဒုက္ခဖြစ်နေတယ်။ သူတို့တွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသည့် ကိုနေရဲဝင်း၏ မိခင် ဒေါ်သန်းညွန့်အေးက “ကျွန်မသားမှာ ခြေထောက်တွေ မထောက်နိုင်ဘူး၊ ဆေးလိပ်မီးတွေနဲ့ အထိုးခံထားရတယ်။ ခဏလေးဆိုပြီး အိမ်ကနေ သူတို့ခေါ်သွားကြတာ၊ အခုအချိန်ထိ သူတို့ ပြန်မလွှတ်ပေးသေးဘူး” ဟု ပြောသည်။

တောင်ကုတ်ဒေသခံ ၉ ဦးအား အပြစ်မရှိက အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ဒေါ်သန်းညွန့်အေးက တောင်းဆိုသည်။

ဇွန်လ ၃ ရက်နေ့က ၎င်းတို့ ၉ ဦးအား စွဲဆိုထားသည့်အမှုကို ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း တရားလို မရောက်ရှိသဖြင့် ဇွန်လ ၁၅ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက “ဒီကာလမှာ covid ကြောင့် အသွားအလာအခက်အခဲတွေရှိနေတယ်။ တရားလိုကိုလည်း အခုထိ မစစ်ရသေးဘူး။ ပြီးတော့ ဒီအမှုတွေကိုလည်း အခု လက်ရှိပြန်ရုတ်သိမ်းဖို့ ရှိတယ်လို့လဲကြားနေရတယ်” ဟု ဆိုသည်။

တောင်ကုတ်ဒေသခံ ၉ ဦးအား ဖမ်းဆီးသွားသည့်နေ့က ၎င်းတို့၏နေအိမ်များသို့ မြန်မာစစ်သားများမှ လာရောက်ရှာဖွေခဲ့ပြီး မှတ်ပုံတင်နှင့် ဖုန်းများကို ယူဆောင်သွားခဲ့ကြောင်းလည်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောဆိုကြသည်။

အေအေနှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုထားသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်အမှု ၁၇ မှုကို ပြီးခဲ့သည့် မေလအတွင်းတွင် စစ်ကောင်စီမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထို့ပြင် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီအပါအဝင် စင်္ကာပူအသင်းမှ တာဝန်ရှိသူများကို ဖမ်းဆီး တရားစွဲဆိုထားသည့်အမှုကိုလည်း ပြန်လည်ရုပ်သိမ်းရန် တရားစွဲအဖွဲ့အစည်းဘက်မှ တင်ပြထားသည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှတစ်ဆင့်သိရှိရသည်။

ဗီဒီယိုများ