တိုက်ပွဲကာလအတွင်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူများအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များလိုလား

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလက ဖမ်းဆီးခံရပြီး မိသားစုနှင့်အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်ဆုံးနေသူများအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။

23 Sep 2021

DMG ၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလက ဖမ်းဆီးခံရပြီး မိသားစုနှင့်အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်ဆုံးနေသူများအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။

ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမ(ရွာသစ်)ကျေးရွာတို့မှ ဒေသခံ ၁၈ ဦးမှာ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနမရရှိဘဲပျောက်ဆုံးနေသည်မှာ တစ်နှစ်နှင့်ခုနှစ်လခန့်ကြာမြင့်လာနေပြီး ယင်းကျေးရွာသားများကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်းမသိရသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

ယင်းကြောင့် တင်းမကျေးရွာသားများနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိစေရန်အတွက် ကျူးလွန်သူများကို ဥပဒေအရအရေးယူဆောင်ရွက်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။

“ကျမတို့တောင်းဆိုချင်တာက ဘယ်နေရာမှာရောက်နေလဲ။ ဘယ်နေရမှာ ထိန်းသိမ်းထားလဲဆိုတာကို အတိအကျသိချင်ပါတယ်။ အမှန်တရားကိုဖော်ထုတ်ပြီးတော့ အမြန်ဆုံးလွှတ်ပေးစေချင်တယ်”ဟု တင်းမကျေးရွာမှ ဖမ်းဆီးခံရပြီးပျောက်ဆုံးနေသည့် မောင်ထွန်းထွန်းဝေ၏ မိခင်ဖြစ်သူ ဒေါ်အေးရီက DMG သို့ပြောသည်။

အဆိုပါတင်းမကျေးရွာသား (၁၈)ဦးမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် မြန်မာစစ်တပ်၊ တပ်မ(၅၅)တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်မှာ ယခုအချိန်ထိဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ကိုမောင်ဝင်းဌေး ၂၈ နှစ်နှင့် ကိုမောင်ဌေးဝင်း ၂၆ နှစ်တို့ ညီအစ်ကိုနှစ်ဦးမှာလည်း ကျွဲရှာသွားစဉ် ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားသည်မှာ လက်ရှိအချိန်ထိ သတင်းအစအန စုံစမ်း၍မရသေးကြောင်း သိရသည်။

၎င်းတို့ညီအစ်ကိုနှစ်ဦးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးထံ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ အချိန်ကာလသာကြာမြင့်လာကြောင်း ရွာသာယာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချက်စူကပြောသည်။

“ကျနော်တို့ကတော့ တရားမျှတမှုလိုချင်တယ်။ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးသွားတယ်ဆိုတာကိုလည်းသိချင်တယ်။ အသက်ရှိသေးလား၊ သေဆုံးသွားပြီလားဆိုတာကိုလည်း တိတိကျကျသိချင်တယ်”ဟု ၎င်းကဆိုသည်။

ပျောက်ဆုံးနေသည့် ကျေးရွာသားများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများအားသိရှိရန် လက်ရှိရခိုင်ပြည်နယ်စစ်ကောင်စီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလက ဖမ်းဆီးခံရပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူ (၂၁)ဦးအထိရှိပြီး ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ (၁၈)ဦး၊ မြေပုံမြို့နယ် ယိုးချောင်းရွာသာယာကျေးရွာမှ နှစ်ဦးနှင့် အမ်းမြို့နယ် ဒလက်ချောင်း အလယ်ကျွန်းရွာမှ တစ်ဦးတို့ဖြစ်ကြောင်း ဝေဟင်အောင် ပရဟိတအဖွဲ့မှ သိရသည်။

အဆိုပါစာရင်းမှာ လက်ရှိကောက်ယူရရှိထားသည့် စာရင်းသာဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ ယခုစာရင်းထက်ပို၍ များနိုင်ကြောင်းလည်း ယင်းအဖွဲ့ကဆိုသည်။

လက်ရှိ သတင်းအစအနမရဘဲပျောက်ဆုံးနေသူများ၏ မိသားစုဝင်များမှာ စစ်ဘေးရှောင်စခန်းများတွင် ဘဝကို ဖြစ်သလိုရပ်တည်နေကြရသည်ကိုတွေ့ရကြောင်း စာရေးဆရာဝေဟင်အောင်ကပြောသည်။

“အဲဒီမိသားစုတွေဟာ သူတို့သားသမီးတွေ ဖမ်းဆီးခံလိုက်ရပြီး တဆက်တည်းမှာပင် အဲဒီရွာတွေအများစုဟာလည်း ဖျက်ဆီးခံလိုက်ရတယ်။ ဖျက်ဆီးခံလိုက်ရတယ်ဆိုတော့ အဲဒီနေရာတွေကိုပြန်သွားဖို့လည်းမဖြစ်နိုင်တဲ့အခါ ဒုက္ခသည်စခန်းတွေမှာဖြစ်သလို ဘဝကိုရပ်တည်နေကြရတယ်။ အဲဒါကြောင့်ဒီမိသားစုတွေဟာလည်း စစ်ဘေးရှောင်တွေထဲမှာ နှစ်ထပ်ကွင်း ဒုက္ခသည်တွေဖြစ်ရတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့ပြီး ဖမ်းဆီးခံရပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသူများလည်း ရှိခဲ့သည်။

ဗီဒီယိုများ