ကိုဟန်မျိုးသူရိန်အမှုတွင် လိုပြသက်သေများကို စစ်ဆေးပြီးစီး

ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုဟန်မျိုးသူရိန်အမှုတွင် တရားလိုနှင့် လိုပြသက်သေများအားလုံးကို ယနေ့စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။

28 Mar 2022

DMG ၊ မတ် ၂၈

ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုဟန်မျိုးသူရိန်အမှုတွင် တရားလိုနှင့် လိုပြသက်သေများအားလုံးကို ယနေ့စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။

အမှုတွင် တရားလိုထွက်ဆိုချက်နှင့် လိုပြသက်သေထွက်ဆိုချက် ကွဲလွဲနေခြင်းကြောင့် ယနေ့(မတ်လ ၂၈ ရက်)တွင် သံတွဲမြို့နယ်စခန်းမှူးကို ရုံးခေါ်သက်သေအဖြစ် ပြန်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုပြသက်သေများ စစ်ဆေးပြီးဖြစ်သည့်အတွက် လာမည့်ရုံးချိန်းတွင် ကိုဟန်မျိုးသူရိန်ကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဒေါ်မျိုးတင်ဇာထွန်းက DMG သို့ပြောသည်။

"ဒီနေ့ ရုံးခေါ်သက်သေကိုပြန်စစ်ဆေးလို့ ပြီးစီးသွားပြီးဖြစ်တယ်။  နောက်လာမယ့်ရုံးချိန်းမှာတော့ ကိုဟန်မျိုးသူရိန်ကို စတင်စစ်ဆေးမှာဖြစ်တယ်"ဟု ရှေ့နေကပြောသည်။

ကိုဟန်မျိုးသူရိန်အမှုကို လာမည့်ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ရှေ့နေထံမှသိရသည်။ အမှုတွင် ခံပြသက်သေ ၅ ဦးတင်သွင်းထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ကိုတားဆီးခဲ့သည်ဟုဆိုကာ ကိုဟန်မျိုးသူရိန်ကို သံတွဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းက တရားလိုပြုလုပ်ပြီး ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်မှာ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှဖြစ်ပြီး ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သကဲ့သို့ NGO အဖွဲ့အစည်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချနေသူတစ်ဦးဖြစ်သည်။

ဗီဒီယိုများ