ရခိုင်တွင် အခြေခံစားသောက်ကုန်များကို ဈေးတင်မရောင်းချရန် ULA အသိပေး

ရခိုင်ပြည်နယ်အတွင်း ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ရာ၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးတင်မရောင်းချရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့သြဂုတ်လ ၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

07 Aug 2021

DMG ၊ သြဂုတ် ၇

ရခိုင်ပြည်နယ်အတွင်း ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ရာ၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးတင်မရောင်းချရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့သြဂုတ်လ ၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

"အခြေခံစားသောက်ကုန်ပစ္စည်းများအား အဆမတန်များပြားသော အမြတ်ဖြင့်ဈေးတင်ရောင်းချခြင်းမပြုရန်”ဟု ယင်းထုတ်ပြန်ချက်ကဆိုသည်။

ဈေးရောင်း၊ဈေးဝယ်ရာတွင် သတ်မှတ်ထားသည့် အချိန်အတိုင်းတွင်သာရောင်းဝယ်ကြရန်၊ အခြေခံစားသောက်ကုန်ပစ္စည်းများအားရောင်းချရာတွင် သတ်မှတ်သည့်နေရာအကွာအဝေး အနည်းဆုံး ၆ ပေခန့်ထား၍ရောင်းဝယ်ကြရန်လည်း ULA ၏ ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဝယ်ယူလိုက်သည့်ပစ္စည်းများ၊ နှစ်ဖက်အသုံးပြုသည့် ငွေကြေးများတွင် လက်ဖြင့်တိုက်ရိုက်ကိုင်တွယ်ခြင်းမျိုးမဟုတ်ဘဲ တစ်ဆင့်ခံ ကိုင်တွယ်အသုံးပြုသည့်နည်းလမ်းဖြင့် ငွေများကို အပြန်အလှန်ပေးအပ်ရာတွင် လက်အိတ်အသုံးပြုပြီးကိုင်တွယ်ရန် သို့မဟုတ် လက်နှင့်တိုက်ရိုက်ထိတွေ့မှုမရှိနိုင်မည့် နည်းလမ်းများကို အသုံးပြုရမည်ဟုလည်း ဆိုသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါကာကွယ်တားဆီးနိုင်ရန်အတွက် Stay at home ကာလအဖြစ် ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ကို ပထမအကြိမ်နှင့် ယခုသြဂုတ်လ ၄ ရက်နေ့မှ သြဂုတ်လ ၁၈ ရက်နေ့အထိကို ဒုတိယအကြိမ်အဖြစ် ULA မှသတ်မှတ်ထားပြီး လိုက်နာရမည့်စည်းကမ်းချက်(၂၄)ချက်ကိုလည်း ထုတ်ပြန်ထားသည်။

ရခိုင်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် အခြားရိက္ခာများ၊ ဆေးဝါးပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိနေပြီးအချို့ပစ္စည်းများမှာ ပြတ်လတ်မည့်အခြေအနေတွင် ရှိနေသည်။

Stay at home သတ်မှတ်ကာလတွင် မြို့နယ်ကျော်သွားလာရသည့်အခြေအနေများတွင် ပိတ်ဆို့မှုများကို နောက်ဆက်တွဲ ပြဿနာအဖြစ်ကြုံတွေ့ရကြောင်းလည်း ULA ကဆိုသည်။

“မဖြစ်မနေသွားလာရမည့် ကျန်းမာရေးကိစ္စများနဲ့ အခြေခံစား သောက်ကုန်ပစ္စည်းများကို မြို့နယ်ကျော်ပြီးဝယ်ယူဖြည့်တင်းရမည့်ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှုအတွက် အဓိကအသုံးပြုနေကြသော မော်တော်ယာဉ်၊မော်တော်ဘုတ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စများ၌ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့ ဖြတ်သန်းသွားလာရမည့်ကိစ္စရပ်များတွင် ပိတ်ဆို့နေမှုများအပြင် အခြားအခက်အခဲတချို့ကို stay at home နောက်ဆက်တွဲအဖြစ် ကြုံတွေ့ခဲ့ကြပါတယ်”ဟု ထုတ်ပြန်ထားသည်။

ULA ၏ ထုတ်ပြန်ချက်ထဲတွင် ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် လိုက်နာရမည့်စည်းကမ်းများနှင့် သတိပြုရမည့်အချက်များ၊ သန့်ရှင်းရေးကိစ္စများ၊ ကျန်းမားရေးကိစ္စ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အပေါ်လူနာများ၊ ဆေးရုံဆေးခန်းများကို မဖြစ်မနေသွားလာရမည်ဆိုပါက သိရှိနားလည်ထားရမည့် စည်းကမ်းချက်များ၊ နိုင်ငံရပ်ခြားပြည်နယ်တိုင်းများမှ အလုပ်လက်မဲ့ဖြစ်၍ မိမိရပ်ရွာကို ပြန်လာကြမည့်သူများသိရှိလိုက်နာရန်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍာမှ မော်တော်ယာဉ်၊ မော်တော်ဘုတ်လိုင်းများ၏ အခန်းကဏ္ဍ၊ CBO၊ CSO အရပ်ဖက်အခြေပြုလူမှုအဖွဲ့အစည်း၊ ပရိဟိတအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ၏အခန်းကဏ္ဍ၊ ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏တာဝန်နှင့် အခန်းကဏ္ဍာတို့ကိုလည်း ဖော်ပြထားသည်။

ရခိုင်တွင် Stay at Home ပထမနှစ်ပတ်အတွင်း စည်းကမ်းလိုက်နာမှုကြောင့် ရောဂါကူးစက်မှုနှုန်းလျှော့ချနိုင်ခဲ့သကဲ့သို့ စည်းကမ်းမလိုက်နာမှုကြောင့် သတိပေးမှုများလည်းရှိခဲ့ကြောင်း ULA က ဆိုသည်။

ဗီဒီယိုများ