လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၉၀၀ ကျော်ပျက်စီးခဲ့

ရခိုင်ပြည်နယ်တွင် ရုတ်တရက်တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ် ၉၀၀ ခန့်ပျက်စီးသွားခဲ့ကြောင်း DMG မှ စုံစမ်းသိရှိရသည်။

21 Apr 2022

DMG ၊ ဧပြီ ၂၁

ရခိုင်ပြည်နယ်တွင် ရုတ်တရက်တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ် ၉၀၀ ခန့်ပျက်စီးသွားခဲ့ကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ပျက်စီးသွားသည့်နေအိမ်တို့မှာ မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် နေအိမ် ၁၂၉ လုံး၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် ၁၈၆ လုံး၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် စာသင်ကျောင်းအပါအဝင် နေအိမ် ၁၆၀ လုံး၊ ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ၁၀၀ ကျော်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် နေအိမ် ၂၉၀ လုံး၊ တောင်မင်းစစ်ဘေးရှောင်စခန်းတွင် ၁၈ လုံးနှင့် တခြားစခန်းများ၊ မင်းပြားစစ်ဘေးရှောင်စခန်းတို့တွင်လည်း နေအိမ်အနည်းငယ် ပြိုပျက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်တို့မှာ လုံးဝပြိုပျက်သွားခြင်းတို့ရှိသလို အိမ်ခေါင်မိုးပွင့်ထွက်သွားခြင်း၊ အိမ်တိုင်များကျိုးသွားခြင်း စသည့်တစိတ်တပိုင်းပျက်စီးသွားသည့် အိမ်များလည်းပါဝင်ပြီး နေအိမ်များကို ပြန်လည်ဆောက်လုပ်ရန် ငွေကြေးအကူအညီလိုအပ်နေကြောင်းလည်း စခန်းတာဝန်ခံများ၏ပြောဆိုချက်အရ သိရသည်။

“ဘာမှပြင်ဆင်ထားတာမရှိပဲ ရုတ်တရက် မိုး၊လေပြင်းပြင်းထန်ထန်တိုက်ခတ်လိုက်တော့ အိမ်တွေအကုန်လုံးပွင့်ထွက်သွားတယ်။ ၆၉၁ လုံးမှာ ၃၀၀ လောက်က ပြိုပျက်သွားတာပါ။ အခုတော့ ကိုယ်တို့နိုင်သလောက်ပြန်ပြုပြင်နေကြတယ်”ဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းအေးက DMG ကိုပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းရှိ နေအိမ်များမှာ ကွမ်းသီးတိုင်၊ ဝါးတိုင်၊ ဓနိအမိုးများဖြင့်ဆောက်လုပ်ထားသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် ခိုင်မာမှုမရှိတော့ဘဲ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် အလွယ်တကူပြိုပျက်သွားခြင်းလည်းဖြစ်ကြောင်း စစ်ဘေးရှောင်များကပြောဆိုကြသည်။

ယင်းကြောင့် လတ်တလောနေထိုင်ဖို့အဆင်ပြေစေရန် ပျက်စီးသွားသည့်နေအိမ်များကို ဓနိများဖြင့်ဖာထဲခြင်း၊ တာပေါ်လိပ်စများကို အမိုးလုပ်ကာ နိုင်သလောက်ပြန်လည်ပြုပြင်ပြီး နေထိုင်နေကြသည်ဟု မြတန်ဆောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဆရာတော် အရှင်နန္ဒသာရက DMG ကိုမိန့်သည်။

“အခုနေထိုင်ဖို့အဆင်ပြေအောင် ကိုယ်တို့တတ်နိုင်သလောက် ပြန်ပြုပြင်နေပါတယ်။ ခိုင်မာအောင်မဟုတ်ရင်တောင်မှ နေထိုင်လို့ရအောင်ပေါ့။ မနေ့က ICRC က ထောက်ပံ့ပေးခဲ့တဲ့ တာပေါ်လိပ်တွေ ၉၀ ကျော်နဲ့လည်းမလောက်ဘူး။ နောက်အခက်အခဲတစ်ခုက လေပြင်းမုန်တိုင်းမှာ သဲတွေပါတဲ့အတွက် သောက်သုံးရေအဆင်မပြေဘူးဖြစ်သွားတယ်”ဟု ဆရာတော်ကမိန့်သည်။

အလားတူပျက်စီးသွားသည့်နေအိမ်များကို ICRC က ပေးလာသည့် တာပေါ်လိပ်စများဖြင့် အဆင်ပြေသလိုလုပ်ဆောင်နေရသော်လည်း ခိုင်မာအောင်ပြန်လည်မဆောက်လုပ်နိုင်ပါက မိုးရာသီနေထိုင်ရန် ပိုမိုခက်ခဲလာနိုင်သည့်အတွက် စစ်ဘေးရှောင်များမှာ ပူပင်နေရသည်။

“အခုလောလောဆယ်တော့ တာပေါ်လိပ်စတွေနဲ့ ပြုပြင်လို့ရတဲ့ အိမ်တွေကိုပြုပြင်နေတယ်။ တချို့ပြန်ပြင်လို့မရတဲ့သူတွေဆိုရင် နီးစပ်တဲ့အိမ်တွေမှာ ပေါင်းပြီးတော့နေနေကြတယ်”ဟု ဆိုသည်။
လက်ရှိမှာ အပျက်အစီးစာရင်းများကို သက်ဆိုင်ရာမြို့နယ်ထွေအုပ်၊ ICRC နှင့် နိုင်ငံတကာအဖွဲ့အစည်းတချို့နှင့် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများမှ ကောက်ခံနေသည်ဟုလည်း စစ်ဘေးရှောင်များထံမှသိရသည်။

အလားတူ ဒုက္ခရောက်နေသည့် နေအိမ်စာရင်းများကိုလည်း ကောက်ခံနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ဘေးရှောင်တွေက စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ကြားမှာ နေအိမ်ပါပျက်စီးသွားတယ်။ အရေးပေါ်လိုအပ်နေတဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ကူညီသွားဖို့ရှိသလို တခြားဌာနဆိုင်ရာတွေကလည်း ကူညီပေးဖို့လိုအပ်ပါတယ်။ လောလောဆယ်တော့ သူတို့နေထိုင်ရေးအဆင်ပြေဖို့က အရေးပေါ်လိုအပ်နေပါတယ်” ဟု DMG ကိုပြောသည်။

ယင်းသို့ စစ်ဘေးရှောင်စခန်းများ ပြိုပျက်သွားခြင်းနှင့်ပတ်သက်ပြီး မည်သို့ကူညီဆောင်ပေးရန်ရှိသည်ကို ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းအားဆက်သွယ်ခဲ့သော်လည်း မအားသေးဟုဆိုကာ ဖုန်းချသွားသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ(OCHA)က ရခိုင်ပြည်နယ်အတွင်း ယာယီစခန်းရှိ အဆောက်အဦးများကို ပြုပြင်ရန်လိုအပ်နေပြီး စစ်ဘေးရှောင်ဦးရေ ၂၈၀၀၀ ကျော်နေထိုင်သည့် အိမ်တန်းရှည်များမှာလည်း နေထိုင်ရန်မသင့်တော်ပဲ နေထိုင်လျှက်ရှိပြီး ၎င်းတို့အား မိုးရာသီမရောက်မီ အမြန်ပြန်လည်ပြုပြင်ရန်လိုအပ်နေပြီဖြစ်ကြောင်း ဧပြီ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ကတိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းနှင့်ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကမူ အဆိုပါလေပြင်းမှာ ကုန်းမြေပေါ်တွင်လေဖိအားများကြောင့် မိုးတိမ်တောင်များဖြစ်ကာ မိုးကြိုးမုန်တိုင်းဟုခေါ်ပြီး တစ်နာရီမိုင် ၄၀ နှုန်းခန့်ဖြင့် နာရီဝက်ကျော်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DMG ကို ရှင်းပြသည်။

“မနေ့ကတိုက်ခတ်ခဲ့တာက ပင်လယ်ပြင်က လာတဲ့မုန်တိုင်းတော့ မဟုတ်ဘူး။ ကုန်းပေါ်မှာ လေဖိအားတွေ၊ မိုးတိမ်တောင်တွေဖြစ်ထွန်းပြီးတော့ တိုက်ခတ်ခဲ့တဲ့ မိုးကြိုးမုန်တိုင်းလို့ခေါ်တယ်။ အချိန်အခါမဟုတ်ဖြစ်ပေါ်နိုင်တတ်ပါတယ်။ လေတိုက်နှုန်းကတော့ ပျက်စီးမှုကိုကြည့်ရသလောက် တစ်နာရီမိုင် ၄၀ လောက်ရှိမယ်လို့မှန်းဆရပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကဆိုသည်။

ထို့အတူ အဆိုပါမိုးသက်လေပြင်းကြောင့် ကျောက်တော်မြို့နယ် အုပ်ကြွပ်ကျေးရွာမှ ကျေးရွာသားတစ်ဦးမှာ ကုလားတန်မြစ်ကြောင်းတွင် လှေနှစ်စီးတိုက်မိရာမှ သေဆုံးသွားခဲ့ဟု ကျောက်တော်မြို့နယ်တွင် အရေးပေါ်ကိစ္စရပ်များကိုအကူအညီပေးနေသည့် ဖြူစင်မေတ္တာပရဟိအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းများအပြင် မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့မှ နေအိမ်တချို့၊ စာသင်ကျောင်းတချို့မှာလည်း ပျက်စီးမှုရှိခဲ့သည့်အတွက် ၎င်းကိစ္စအား သက်ဆိုင်ရာမှကူညီဆောင်ရွက်ပေးရန်လည်း ဒေသခံများကမျှော်လင့်နေကြသည်။

ဗီဒီယိုများ