ရခိုင်က ဒီရေတောများကို ထိန်းသိမ်းရန်လိုအပ်နေ

ရခိုင်ပြည်နယ်၊ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်လျှက်ရှိသော ဒီရေတောများကို ဒေသခံများမှ စားဝတ်နေရေးအတွက် ခုတ်လဲှရောင်းချလျှက်ရှိနေကြောင်း ဒီရေတောထိန်းသိမ်းဆောင်ရွက်နေသည့် အဖွဲ့ အစည်းများမှ သိရသည်။

25 Jul 2020

မြတ်ဆွေ၊ ဝင်းညွန့် | DMG
ဇူလိုင် ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်လျှက်ရှိသော ဒီရေတောများကို ဒေသခံများမှ စားဝတ်နေရေးအတွက် ခုတ်လဲှရောင်းချလျှက်ရှိနေကြောင်း ဒီရေတောထိန်းသိမ်းဆောင်ရွက်နေသည့် အဖွဲ့ အစည်းများမှ သိရသည်။

ဒီရေတောများကိုခုတ်လှဲပြီး အုတ်များဖုတ်ရာတွင် ထင်းအဖြစ်အသုံးပြုခြင်းနှင့် မီးသွေးအဖြစ်ပြုလုပ်ကာ ရောင်းချလျှက်ရှိနေသည်ဟု အမ်းမြို့နယ် ဒီရေသစ်ပင်များထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်သူ ကိုမျိုးလွင်က ဆိုသည်။

“ခုတ်ရတဲ့အကြောင်းအရင်းကတော့ ဒေသခံတွေက အလုပ်အကိုင်တွေ ရှားပါးလာတယ်။ နောက်ပြီး ကိုဗစ် -၁၉ ကလည်းဖြစ်နေတော့ ဒေသခံတွေ ပိုပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒီရေတောတွေ ကိုမှီခိုပြီး လုပ်ကိုင်စားသောက်ကြတဲ့သူတွေလည်း ရှိလာတယ်။ သူတို့ကတော့ အုတ်ဖုတ်တဲ့သူတွေနဲ့ မီးသွေးတွေ ပြုလုပ်ဖို့အတွက် ခုတ်ပြီးရောင်းချတာဖြစ်တယ်” ဟု ကိုမျိုးလွင်က ပြောသည်။

ထိုသို့ဒီရေတောများကိုခုတ်လှဲခြင်းကြောင့် ယခုအခါ ဒီရေတောများ ပြုန်းတီးရှားပါးလာပြီး ပြန်လည် ထိန်းသိမ်းရန် လိုအပ်လာနေကြောင်း ၎င်းကဆိုသည်။

ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ တောင်ကုတ်၊ မအီ၊ တပ်တောင်နှင့် ရမ်းဗြဲမြို့နယ်တို့မှ ဒေသခံများမှာ ဒီရေတော များကို နေ့စဉ်လိုလို ခုတ်လဲမှုများရှိနေကြောင်း အမ်းမြို့နယ် ဒီရေသစ်ပင်များထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

လက်ရှိမှာ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့တွင် ဒီရေတောထိန်းသိမ်းခြင်းနှင့် စိုက်ပျိုးခြင်းများ ပြုလုပ်နေကြောင်း ကိုမျိုးလွင်က DMG သို့ ပြောသည်။

“အဓိကတော့ ရေညစ်ညမ်းမှုရှိတဲ့အတွက် ဒီမြို့နယ်တွေမှာ ရေလုပ်သားတွေ အများကြီးထိခိုက်မှုတွေရှိတယ်။ နောက်ပြီး ပုဇွန်ကန်တွေ၊ ငါးကန်တွေ လုပ်လာကြတဲ့အတွက် ရေလုပ်သားတွေ အခက်အခဲရှိလာတယ်။ အဲဒါကြောင့် ရေလုပ်သားတွေ အများပိုင်မြေမှာ လွတ်လွတ်လပ်လပ် ရှာဖွယ်စားနိုင်အောင်လုပ်တာ” ဟု ၎င်းက ရှင်းပြသည်။

ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဒီရေတောဧကစုစုပေါင်း ၃၉၅,၇၂၆ ဧကရှိပြီး မောင်တော ခရိုင်တွင် ၅၃၂၀ ဧက ၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူ ခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာမှ သိရသည်။

“ကျွန်တော်တို့ကတော့ ငါးနှစ်တစ်ကြိမ် ဒီရေတောဧက ဘယ်လောက်ရှိတာကို ကောက်တာဖြစ်တဲ့အတွက် ၂၀၂၀ ပြီးရင် ကျွန်တော်တို့ ဒီရေတောတွေ ပျက်စီးမှုတွေရှိလား၊ မရှိဘူးလားဆိုတာကို (FDCCA)နဲ့ စာရင်းတွေ ကောက်မယ်” ဟု ပြည်နယ်သစ်တောဦးစီဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်မျိုးလှိုင်ကပြောသည်။

ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ပူးပေါင်းပြီး ရမ်းဗြဲမြို့နယ်နှင့် မြေပုံမြို့နယ်တို့ကို ဒိန်းမတ်သံရုံးမှ ငွေကြေးနှင့် နည်းပညာများထောက်ပံ့ပေးခြင်းများ ရှိကြောင်းလည်း ပြည်နယ်သစ်တော ဦးစီးဌာနမှ သိရသည်။

သို့သော် မြေပုံမြို့နယ်တွင် နယ်မြေလုံခြုံရေးအရ ဒီရေတောစိုက်ပျိုးခြင်းများ ရပ်ဆိုင်းထားပြီး ရမ်းဗြဲမြို့နယ်ကို FDCCA ၏ ၅ နှစ်စီမံကိန်းအရ နှစ်စဉ်ဒီရေတော ၂၅၀ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အလားတူ ၂၀၁၉ နိုဝင်ဘာလအတွင်းက မာန်အောင်ဒေသ၌ သိမ္ဗလကျေးရွာအပါအဝင် ဒီရေတော ၇ ခုကို ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၂၀၀)တန်ဖိုးရှိ ဒီရေပင်များကို သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောထိန်းသိမ်းရေး အဖွဲ့(Harp)နှင့် လူသားချင်းအထောက်အကူပြုအဖွဲ့(MSN)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

ရခိုင်ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RBANCA)က လက်ရှိအချိန်တွင် နံသာကျွန်းနှင့် မေယုမြစ်ဝအနီး ပေါက်ရောက်လျှက်ရှိသော ဒီရေတောများကို အဓိကထားပြီးထိန်းသိမ်း သွားမည်ဖြစ်ကြောင်း RBANCA ၏ အတွင်းရေးမှူး ကိုရန်နောင်စိုးက DMG သို့ ပြောသည်။

“ကျွန်တော်တို့က အခုရှိနေတဲ့ဒီရေတောတွေကို ပြုန်းတီးမသွားဖို့အတွက် ဒေသခံတွေနဲ့ပူးပေါင်းပြီး အတတ် နိုင်ဆုံး ကာကွယ်သွားမယ်။ ဒီရေတောအပင်တစ်ပင် စိုက်ပျိုးမယ်ဆိုရင် နှစ်ပေါင်းများစွာကြာပြီးမှ အပင်ကြီး တစ်ပင်ဖြစ်လာမယ်။ ဒါကြောင့် ရှိနေတဲ့ဟာကို မပြုန်းတီးအောင် နံပါတ်(၁)အနေနဲ့ ကာကွယ်သွားမှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

နံသာကျွန်းနှင့် မေယုမြစ်ဝအနီးတွင် ဒီရေတောဧရိယာ ဧက ၃၀၀ ခန့်ရှိကြောင်း ရခိုင်ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ သိရသည်။

လက်ရှိအနေအထားတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ ဆည်လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိပြီး ရေနေသတ္တဝါများ မှီခိုကျက်စားပေါက်ဖွားရာ၊ ငါးနေ၊ငါးထိုင်နေရာများ ပျက်စီးဆုံးရှုံးမှု များပြားလာနေကြောင်း ဒီရေတောထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဆိုကြသည်။

ဗီဒီယိုများ