မောင်တောတွင် ပျောက်ဆုံးနေသူအား အသေပြန်တွေ့

ရခိုင်ပြည် မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာမှ ပျောက်ဆုံးနေသူအား ၅ ရက်အကြာမှ အသေပြန်တွေ့ရကြောင်း ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

19 May 2021

ဓါတ်ပုံ - သေဆုံးသူ ဦးမောင်ဘုချေအား မောင်တောမြို့ ကရုဏာကွန်ယက်မှ သွားရောက်ယူဆောင်ခဲ့ပြီး မေလ ၂၀ နေ့ ည ၇ နာရီ ၅၀ ခန့်တွင် မောင်တောခရိုင်ပြည်သူဆေးရုံကြီး၏ ရင်ခွဲရုံသို့ သယ်ဆောင်လာစဉ်။

DMG ၊ မေ ၂၀

ရခိုင်ပြည် မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်ပြင်ကျေးရွာမှ ပျောက်ဆုံးနေသူအား ၅ ရက်အကြာမှ အသေပြန်တွေ့ရကြောင်း ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ဝင်းက " ဟုတ်ပါတယ်။ မေလ ၁၅ ရက်နေ့ကတည်းက ရွာကနေပျောက်နေတာပါ။ မေလ ၂၀ နေ့ ဒီနေ့မှာ ရွာသားတွေစုပြီး ရှာကြတော့ အသေရှာတွေ့ကြတယ်။ " ဟု ပြောသည်။

ရန်အောင်ပြင်ကျေးရွာမှ အသေတွေ့ရှိသူမှာ ဦးမောင်ဘုချေ ၆၅ နှစ် (ဘ) ဦးမောင်ထွီးဖြစ်ပြီး မေလ ၂၀ ရက် ယနေ့ နံနက် ၉ နာရီခန့်တွင် ဝက်ကျိန်းမြို့ကျေးရွာနှင့် တစ်မိုက်ခန့်ဝေးသည့်တောတွင်းတစ်နေရာ၌ အသေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ဦးမောင်ဘုချေမှာ ဆေးဆရာတစ်ဦးဖြစ်ပြီး ကျေးရွာအနှံ့လှည်လည်ကာ ဆေးကုသနေသူ တစ်ဦးဖြစ်ကြောင်း ရန်အောင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ဝင်းက ဆိုသည်။

ဦးမောင်ဘုချေ၏သားကြီးဖြစ်သူ ကိုမောင်မောင်က " ကျွန်တော်အဖေ ပျောက်ဆုံးနေတာ ၅ ရက်ရှိပါပြီ။ ကျွန်တော်လည်း တရိမ်းကျေးရွာမှာ ဆောက်လုပ်ရေးအလုပ်တွေ လုပ်နေရတယ်။ ကျွန်တော် အမျိုးသမီးက ဖုန်းဆက်လာတယ်။ နွားကျောင်းသားတွေပြောကြတယ်။ အပုတ်နံ့ရပြီး လူသေအလောင်းလို တွေ့ခဲ့တယ်လို့ ပြောလာတော့ ရွာကိုပြန်လာပြီး လူစုကာ ရှာဖွေကြရာမှာ အခုလို အသေတွေ့ရှိတာပါ။ " ဟု ပြောသည်။

ဦးမောင်ဘုချေ၏ ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာ ၃ ချက်နှင့် အရေပြားလန်နေတာတွေ့ရှိရပြီး သေမှုသေခင်းဖြင့် ကြိမ်ချောင်းရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း ကိုမောင်မောင်က ပြောသည်။
ဦးမောင်ဘုချေ၏အလောင်းကို မောင်တောခရိုင်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မေလ ၂၁ ရက် မနက်ဖြန်တွင် မောင်တောသုဿန်၌ သင်္ဂြိုလ်သွားမည်ဟု သိရသည်။

ဗီဒီယိုများ