ရခိုင်တွင် ကိုဗစ်ကာလ အခြေခံလူတန်းစား အိမ်ထောင်စုသုံးသိန်းကျော်ကို အစိုးရမှထောက်ပံ့မည်

Covid-19 ကပ်ရောဂါကာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား အိမ်ထောင်စုသုံးသိန်းကျော်အတွက် ငွေကျပ် ၁ ဒသမ ၈၁၈ ဘီလီယံကို ဒုတိယအကြိမ်ထောက်ပံ့ပေး သွားမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

By မျိုးသီရိကျော် 06 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၆ ၊ စစ်တွေ

Covid-19 ကပ်ရောဂါကာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုသုံးသိန်းကျော်အတွက် ငွေကျပ် ၁ ဒသမ ၈၁၈ ဘီလီယံကို ဒုတိယအကြိမ်ထောက်ပံ့ပေး သွားမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာများပြားလာသည့်အတွက် ရောဂါပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများကို (Stay at home) အိမ်တွင်နေထိုင်ကြရန် သတ်မှတ်ထားသည်။ 

ယင်းသို့ သတ်မှတ်ထားချိန်တွင် အခြေခံလူတန်းစားများ စားဝတ်နေရေးအထောက်အကူဖြစ်စေရန် အိမ်ထောင်စု တစ်စုလျှင် ဆန်ခြောက်ပြည်ဝယ်ယူနိုင်ရန် ငွေများကို ထပ်မံထောက်ပံ့သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“ဖြစ်စေချင်တာက အောက်ခြေက အခြေခံလူတန်းစားတွေကို အဓိကပေးဖို့ လိုအပ်ပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရမှ သြဂုတ်လ ၂၅ ရက်နေ့ကလည်း စစ်တွေမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် အခြေခံလူတန်းစား အိမ်ထောင်စု (၂၉၉၀၇)စု အတွက် ငွေကျပ်ငါးထောင့်ကိုးရာရှစ်ဆယ်တစ်သိန်းကျော်ကို ပထမအကြိမ် ထောက်ပံ့ပေးခဲ့သည်။

ယခုကဲ့သို ကိုဗစ်ကာလတွင် အလုပ်အကိုင်ရှားပါးနေချိန် အစိုးရက ဆန်ထောက်ပံ့ပေးခြင်းမှာလည်း ဆင်းရဲသားများအတွက် အထောက်အကူဖြစ်ကြောင်း စစ်တွေမြို့၌ ဘေးတွဲဆိုင်ကယ်မောင်းနေသူ ဦးလှရွှေမောင်က ပြောသည်။ 

ကျနော်တိုလို တနေလုပ်မှ တစ်နေစားရတဲသူတွေအတွက်တော့ ဆန်()ပြည်ဆိုတာလည်း ()ပတ်လောက်ဖြစ်ဖြစ် စားရပါတယ်။ ဆိုတော့ အခုလိုမျိုး ထပ်မံထောက်ပံ့တာဟာ ကောင်းပါတယ်။ ဝမ်းသာပါတယ် ဟု ၎င်းက ဆိုသည်။ 

အစိုးရမှ ထောက်ပံ့ပေးငွေများကို ပထမအကြိမ်က အပြည့်မရခဲ့သူများရှိခဲ့သည့်အတွက် ယခုတစ်ကြိမ်တွင် အပြည့်ရစေချင်ကြောင်း စက်ရုံစုရပ်ကွက်အကွက်(၆)မှ ကိုကောင်းမြတ်စံက ပြောသည်။

“ပထမတခေါက် ထောက်ပံ့ငွေလည်း အစိုးရက ၂၀၀၀၀ ပေးပေမဲ့ အပြည့်မရခဲ့ဘူး။ ဒီတစ်ခေါက် ဆန် ၆ ပြည် ပေးမယ်ဆိုရင်လည်း အရင်တခေါက်ကလို မဟုတ်ဘဲ အပြည့်ရစေချင်တယ်”ဟု ၎င်းကပြောသည်။ 

စည်ပင်ဝန်ကြီးဦးဝင်းမြင့်က အောက်ခြေက အခြေခံလူတန်းစားများကို ခွဲဝယ်ပေးသူများအနေဖြင့်လည်း မှန်ကန်ပြီး ဂုဏ်သိက္ခာရှိသည့် လူမျိုးဖြစ်ရန်လိုအပ်ကြောင်း ပြောသည်။ 

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု မြန်ဆန်နေပြီး ပိုးတွေ့လူနာမှာလည်း နေ့စဉ်တိုးလာနေသည်။

ဗီဒီယိုများ