အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ပလက်ဝဒေသခံနှစ်ဦး တရားသေလွတ်မြောက်

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ (ခ)တို့နှင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့မှ မောင်စိုးကျော်လင်း ၁၇ နှစ်နှင့် ကိုထွန်းလင်းကျော် ၂၉ နှစ်တို့ နှစ်ဦးမှာ ယနေ့(ဧပြီလ ၁ ရက်)နေ့တွင် လွတ်မြောက်လာကြောင်း မိသားစုထံမှသိရသည်။

01 Apr 2021

DMG ၊ ဧပြီ ၁

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ (ခ)တို့နှင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့မှ မောင်စိုးကျော်လင်း ၁၇ နှစ်နှင့် ကိုထွန်းလင်းကျော် ၂၉ နှစ်တို့ နှစ်ဦးမှာ ယနေ့(ဧပြီလ ၁ ရက်)နေ့တွင် လွတ်မြောက်လာကြောင်း မိသားစုထံမှသိရသည်။

အမှုတွင် တပ်မတော်မှ ဗိုလ်ကြီးသက်နိုင်ဦးက တရားလိုဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ၆ လကြာ တရားရင်ဆိုင်ခဲ့ရကာ (၁၉)ကြိမ်မြောက်ရုံးချိန်းတွင် ပြန်လွတ်လာခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကိုစွဲဆိုထားသည့်အမှုတွင် ပြစ်မှုမထင်ရှားသည့်အတွက် ပလက်ဝမြို့နယ်တရားရုံးမှ တရားသေ လွှတ်လိုက်ခြင်းဖြစ်ဟု မောင်စိုးကျော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဒေါင်းမလေးကပြောသည်။

“အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သက်သေခံပစ္စည်းတွေ၊ သက်သေတွေဘာမှမရှိတဲ့အတွက် တရားရုံးက တရားသေလွှတ်ပေးလိုက်တာပါ။ ကျမသားတို့က ဘာအပြစ်မှမရှိဘဲ အလုပ်သွားလုပ်ရင်း အဖမ်းခံခဲ့ရတာ ဆိုတော့ အခုလိုပြန်လွတ်လာတာကို အရမ်းဝမ်းသာပါတယ်’’ ဟု ၎င်းကဆိုသည်။

မောင်စိုးလင်းကျော်နှင့် ကိုထွန်းလင်းဇော်တို့မှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ပလက်ဝမြို့မှ စိမ်းစင်းကျေးရွာသို့ အလုပ်လုပ်ရန် ဆိုင်ကယ်ဖြင့်သွားစဉ် လောင်ကဒူးကျေးရွာအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူများ၏မိသားစုဝင်များကို ကူညီဆောင်ရွက်ပေးနေသည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က “ပလက်ဝမှာ တစ်ခြားအကြမ်းဖက်အမှုတွေကျတော့ ရုံးထုတ်ပြီးသိပ်မကြာခင် အမိန့်ချခဲ့ တာတွေရှိတယ်။ ဒီနှစ်ယောက်ကျတော့ အသက်မပြည့်တဲ့အတွက် အမှုကကြန့်ကြာပြီး အခုမှပဲလွတ်လာတာ” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူမှာ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၈ ဦးအထိရှိကြောင်းလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင်လည်း (၂)နှစ်တာကာလအတွင်းမှာ AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရ ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့၏ စာရင်းအရသိရသည်။

ယင်းတို့ထဲတွင် တရားရုံးမှပြန်လည်လွတ်မြောက်သွားသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ၇၈ ဦးရှိခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ