စစ်တွေမြို့ရှိ အခမဲ့ဆေးခန်း ရေရှည်ရပ်တည်နိုင်ရေးအတွက် အလှူရှင်များလိုအပ်နေ

စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ စစ်ကဲတော်မင်းဘုန်းကြီးကျောင်းအတွင်း၌ ဖွင့်ထားသည့် Free Clinic Rakhine(အခမဲ့ဆေးကုခန်း)တွင် လာရောက်ဆေးကုသသူများလာမှုကြောင့် ဆေးခန်းရေရှည်လည်ပတ်နိုင်ရေးအတွက် အလှူရှင်များလိုအပ်နေကြောင်း ဆေးခန်းတာဝန်ရှိသူထံမှ သိရသည်။

21 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၁

စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ စစ်ကဲတော်မင်းဘုန်းကြီးကျောင်းအတွင်း၌ ဖွင့်ထားသည့် Free Clinic Rakhine(အခမဲ့ဆေးကုခန်း)တွင် လာရောက်ဆေးကုသသူများလာမှုကြောင့် ဆေးခန်းရေရှည်လည်ပတ်နိုင်ရေးအတွက် အလှူရှင်များလိုအပ်နေကြောင်း ဆေးခန်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါဆေးခန်းကို လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးအတွက် ငွေကြေးမတတ်နိုင်သော ဆင်းရဲပင်ပန်းကြသည့် ပြည်သူတို့အတွက် အဓိကရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့က စတင်ဖွင့်လှစ်ကာ အခမဲ့ဆေးကုပေးနေခြင်းဖြစ်သည်။

ယနေ့အထိ ၁၀ လတာကာလအတွင်း လူနာပေါင်း (၂၉၈၅)ဦးကို အခမဲ့ကုသပေးခဲ့ကြောင်း ဆေးခန်းတာဝန်ရှိသူများက DMG ကိုပြောဆိုသည်။

“ဆေးခန်းစဖွင့်တုန်းက လူတွေက(အလှူ)ပေးကြတယ်။ အခုဆိုရင် ဆေးခန်းမှာလည်ပတ်ဖို့အတွက် အခက်အခဲတွေကြုံတွေ့လာရတာရှိတယ်။ လူနာအရေအတွက်က တစ်ရက်ပျဉ်းမျှ ၅၀ ဦးဆိုရင် ဆေးကုန်တာတွေများလာတယ်။ ဆေးဝါးဝယ်ရတာတွေကလည်း ဈေးကြီးလာတယ်။ အခုလောလောဆယ်တော့ ဆေးဝါးကလုံလောက်မှုရှိပါတယ်။ ရေရှည်ကတော့ အလှူ‌ငွေ အဝင်အထွက်ပေါ်မူတည်ပြီး ဆေးတွေထပ်ဖြည့်သွားဖို့စီစဉ်ထားပါတယ်”ဟု ဆေးခန်းတာဝန်ရှိသူ ကိုသန်းထိုက်ဇော်က ပြောသည်။

အဆိုပါဆေးခန်းတွင် ဆေးဝါးပစ္စည်းများအတွက် တစ်လမှာ ငွေကျပ် (၇)သိန်းမှ (၈)သိန်းခန့်ကုန်ကျမှုရှိနေသဖြင့် ရေရှည်တွင် ငွေကြေးအခက်အခဲများဖြစ်လာနိုင်သည်ဟု ကိုသန်းထိုက်ဇော်က ဆက်လက်ရှင်းပြသည်။

ယင်းဆေးခန်းသို့ စစ်တွေမြို့မှ ကုန်တန်း၊ ရွာကြီးမြောက်၊ စက်ရုံစုရပ်ကွက်၊ ဗျိုင်းဖြူရွာနှင့် ကယ်ဆယ်ရေးစခန်းများမှ ငွေကြေးမတတ်နိုင်သူများ အဓိကလာရောက်ကုသကြပြီး မွတ်ဆလင်များလည်း လာရောက်ကုသကြကာ တစ်ခါတစ်ရံမှာ နယ်မှလာရောက်ကုသသူများရှိကြောင်းလည်း ဆရာဝန်များထံမှသိရသည်။

“ဆေးခန်းလာ‌ရောက်ပြသတဲ့လူနာတွေထဲ အများစုမှာ ဆီးချိုသွေးချိုရောဂါ၊ နာတာရှည်ရောဂါ၊ သွေးတိုးရောဂါလူနာတွေ အများဆုံးဖြစ်ပြီး တခြားသော အဆစ်အမြစ်ရောင်ရောဂါ၊ ခါးနာဒူးနာ၊ စားမဝင်အိပ်မပျော်ရောဂါ၊ အရေပြားရောဂါ စသောအထွေထွေရောဂါများနဲ့ လာရောက်ကုသသူများလည်းရှိတယ်”ဟု ဆေးကုသပေးနေသည့် ဒေါက်တာကျော်ဇော်သန့်က DMG ကိုပြောသည်။

စစ်တွေမြို့ ဘုမေရပ်ကွက်မှ ဆေးခန်းလာပြသည့် အသက်(၆၆)နှစ်အရွယ် ဦးအဒူမော်ဇိတ်က “ဆီးချိုဖြစ်နေတာ ၉ နှစ်လောက်ရှိပြီ။ ဒီဆေးခန်းကကောင်းတယ်။ ငွေလည်းအခမဲ့။ နိုင်ငံခြားဆေးတွေလည်း အလကားပေးတယ်။ ဆရာဝန်လည်း သဘောကောင်းပါတယ်။ ဒီမှာလာပြနေတာ ၄ လလောက်တော့ရှိပါပြီ။ လူနာတွေဆီက အဆင့်ဆင့်ကြားလို့လာပြခဲ့တာပါ။ မကောင်းပြောစရာတစ်ခုမှမရှိပါဘူး။ ဒီမှာလာပြရတာ အဆင်ပြေပါတယ်”ဟု  DMG ကိုပြောသည်။

ထိုဆေးခန်းမှာ ဆရာဝန် ၃ ဦးဖြင့် ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦးတို့က တစ်နေ့ကို ပျဉ်းမျှလူနာ (၂၅)နှင့် (၃၀)ဦးခန့်ကို ကုသမှုပေးနေခြင်းဖြစ်ပြီး ဆေးလာရောက်ကုသသူတို့မှာလည်း ရောဂါသက်သာပျောက်ကင်းမှုတို့ရှိကြောင်း သိရသည်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ အသက်(၅၄)နှစ်အရွယ် ဆေးခန်းလာပြသူ ဒေါ်ဦးမြနုက “ကျမ ကျီးပေါင်း၊သွေးတိုးဖြစ်နေတာရယ်၊ ခြေထောက်ကအကျိုး ဖြစ်နေတာကြာပြီ။ ခြေ‌ထောက်နှစ်ချောင်းလုံးကျိုးနေတာပါ။ ဆေးရုံကြီးမှာ ဆက်ထားတာပါ။ အဲဒီခြေထောက်တွေက အကြောတွေကတင်းလာတယ်။ ဆေးရုံကြီးမှာ သွားကုခဲ့ပါတယ်။ ကောင်းလို့ပြန်ဆင်းလာတာ။ အခုတော့ အကြောတွေကနာတယ်။တင်းတယ်။ ဒါကြောင့် ဒီဆေးခန်းကိုလာပြတာပါ။ ဆေးခန်းလာပြတာ ၂ ခါလောက်တော့ရှိပြီ။ သက်သာပါတယ်”ဟု DMG ကိုပြောသည်။

အဆိုပါဆေးခန်းကို Food not Bombs Rakhine အဖွဲ့နှင့် လူငယ်ဆရာဝန်များဦးဆောင်ကာ ငွေကြေးမတတ်နိုင်သော ကျန်းမာရေးမကောင်းသူများအတွက် အဓိကရည်ရွယ်ချက်ဖြင့် အခမဲ့ကုသခွင့်ရရှိအောင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဗီဒီယိုများ