စစ်တွေတွင် ဆင်းရဲနွမ်းပါးသူများကို အခမဲ့ဆေးကုသပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆင်းရဲနွမ်းပါးသူများအတွက် ရည်ရွယ်ပြီး ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် အခမဲ့ဆေးကုသပေးလျက်ရှိသည်။

11 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆင်းရဲနွမ်းပါးသူများအတွက် ရည်ရွယ်ပြီး ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် အခမဲ့ဆေးကုသပေးလျက်ရှိသည်။

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း(International Training Center)မှ ဆရာဝန်ကြီး ဒေါက်တာညီညီသာနှင့် သင်တန်းကျောင်းသားများ၊ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယင်းသို့ကုသပေးနေခြင်းဖြစ်သည်။

စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်ရှိ ရခိုင်လူငယ်မောင်မယ်များ ပရဟိတသွေးလှူရှင်အသင်းရုံးနှင့် ပြည်တော်ပြန်ကျောင်းနေရာတို့တွင် ယနေ့အခမဲ့ဆေးကုသပေးနေကြသည်။

ရပ်ကွက်အတွင်းရှိ မရှိဆင်းရဲသားများ၊ ငွေကြေးမတတ်နိုင်၍ ဆေးရုံ၊ဆေးခန်းမသွားနိုင်သူများ အဆင်ပြေစေရန်အတွက်ရည်ရွယ်ကုသပေးခြင်းဖြစ်ကာ ဆေးကုသခြင်းကို ယနေ့တစ်ရက်တည်းပြုလုပ်သွားမည်ဟု International Training Center မှ ကိုစိုးငြိမ်းကျော်ကပြောသည်။

“အခမဲ့ဖြစ်တဲ့အတွက် စေတနာပေါက်ကောက်ခံတာလည်း မလုပ်ပါဘူး။ အကုန်လုံးအခမဲ့ပါ။ ဆရာဝန်က တစ်ရက်တည်းအားတဲ့အတွက် ဒီနေ့မှာအခမဲ့ကုပေးတာဖြစ်တယ်။ ဆေးထိုးမဲ့သူဆိုရင်ဆေးထိုးပေးမယ်။ ဆေးသောက်ရမဲ့သူတွေကိုလည်း ဆေးပေးသွားမယ်“ဟု ၎င်းကဆိုသည်။

ယနေ့နံနက်ပိုင်းက ရခိုင်လူငယ်မောင်မယ်များ ပရဟိတအလှူရှင်အသင်းရုံး၌ အခမဲ့ဆေးကုသပေးရာတွင် လူဦးရေ ၁၀၀ ကျော်ရောက်ရှိကြောင်း သိရသည်။ နေ့လည် ၂ နာရီကျော်တွင် ပြည်တော်ပြန်ဘုန်းတော်ကြီးကျောင်း၌ အခမဲ့ကုသမှုပေးမည်ဖြစ်သည်။  

အခမဲ့ဆေးကုသပေးရာတွင် ဖျားနာ၊ ပန်းနာ၊ ရင်ကျပ်၊ မျက်စိ၊ အသက်ကြီးရောဂါနှင့် အခြားရောဂါများကိုကုသမှုခံယူနိုင်ပြီး အချိန်လုံလောက်မှုမရှိခြင်းကြောင့် ခွဲစိတ်ကုသမှုအပိုင်းကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

မရှိဆင်းရဲသားများ ဆေးကုသခံယူရန်အခက်အခဲဖြစ်နေချိန်တွင် ယခုကဲ့သို့အခမဲ့ကုသပေးခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရခိုင်လူငယ်မောင်မယ်များ ပရဟိသွေးလှူရှင်အသင်းမှ ကိုမျိုးချစ်ကိုကပြောသည်။

“ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာပြဖို့အတွက်ဆိုရင် ငွေကြေးအဆင်မပြေတဲ့သူတွေရှိတယ်“ဟု ၎င်းကဆိုသည်။

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းများကို တောင်ကြီးမြို့၊ စစ်တွေမြို့၊ မြစ်ကြီးနားမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့၊ မုံရွာမြို့နှင့် ပခုက္ကူမြို့များရှိ International Training Center များတွင် ဖွင့်လှစ်သင်ကြားပေးနေပါသည်။

စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင်လည်း ပြီးခဲ့သည့် မေလ ၃ ရက်နေ့မှစတင်ကာ လူငယ်များပူးပေါင်းပြီး အခမဲ့ဆေးခန်းတစ်ခုကိုဖွင့်လှစ်ထားသည်။
တစ်ပတ်လျှင် တနလာၤနှင့် သောကြာ (၂)ရက် အခမဲ့ဆေးကုသပေးနေသည်ဟု တာဝန်ခံ ကိုစည်သူအောင်ကပြောသည်။

“အရင်တုန်းကတော့ တပတ်မှာ ၃ ရက် အခမဲ့ဆေးကုသပေးတယ်။ နောက်ပိုင်းအချိန်မအားတဲ့အတွက် ဆေးဝါးတွေနည်းနည်းအခက်အခဲဖြစ်တာကြောင့် တစ်ပတ်မှာ ၂ ရက်ပဲ အခမဲ့ကုသပေးပါတယ်“ဟု ၎င်းကဆိုသည်။

အဆိုပါအခမဲ့ဆေးခန်းသို့ ဆေးကုသရန် တစ်နေ့လျှင် လူဦးရေ ၅၀ ကျော်ရောက်သည့်နေ့ရှိသလို ၇၀ ဦးခန့် ရောက်သည့်နေ့များလည်းရှိကြောင်း သိရသည်။

ဗီဒီယိုများ