မီဒီယာများနှင့် သတင်းသမားများ ကိုယ့်အလုပ်ကို လုပ်ကြဖို့ လွတ်လပ်သော သတင်းသမားများအင်အားစု တိုက်တွန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာပြည်တွင်းရှိ မီဒီယာ (၅) ခု၏ ထုတ်ဝေခြင်းလုပ်ငန်းများကို ပိတ်ပင်ကြောင်း ကြေညာထားသော်လည်း အဆိုပါကောင်စီအား အသိအမှတ်မပြုသည့်အတွက် မီဒီယာများနှင့် သတင်းသမားများအနေဖြင့် ကိုယ့်အလုပ်ကို လုပ်ကြဖို့ လွတ်လပ်သော သတင်းသမားများအင်အားစုက တိုက်တွန်းလိုက်သည်။

By DMG 09 Mar 2021

DMG ၊ မတ် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာပြည်တွင်းရှိ မီဒီယာ (၅) ခု၏ ထုတ်ဝေခြင်းလုပ်ငန်းများကို ပိတ်ပင်ကြောင်း ကြေညာထားသော်လည်း အဆိုပါကောင်စီအား အသိအမှတ်မပြုသည့်အတွက် မီဒီယာများနှင့် သတင်းသမားများအနေဖြင့် ကိုယ့်အလုပ်ကို လုပ်ကြဖို့ လွတ်လပ်သော သတင်းသမားများအင်အားစုက တိုက်တွန်းလိုက်သည်။

မဇ္ဇိုမ၊ DVB၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 day သတင်းဌာနတို့၏ ထုတ်ဝေခြင်းလုပ်ငန်းများကို ပိတ်သိမ်းကြောင်းနှင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ၊ ရေးသားထုတ်လွှင့်ခွင့်မပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ အမိန့်အမှတ် (၁/၂၀၂၁) မနေ့က မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လွတ်လပ်သောသတင်းသမားများအင်အားစု၏ ရန်ကုန်တာဝန်ခံက “ အဓိကတော့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြပါလို့ပဲ ကျနော်ပြောချင်တယ်။ ကြောက်စရာမလိုဘူး။ ဘာလို့လဲဆိုတော့ Printing မရဘူးဆိုရင် Social Network ရှိတယ်။ ပြီးရင် Twitter ရှိတယ်။ ကျနော်တို့ လူမှုကွန်ရက်တွေ အများကြီးရှိတယ်။ ပြည်သူတွေကနေပြီးတော့ လူမှုကွန်ရက်တွေအများကြီးက သတင်းဆာလောင်မှုကို စားသုံးနေကြတယ်။ သတင်းလုပ်ကြပါ။ ကြောက်ရွံ့မနေကြပါနဲ့။ စစ်ကောင်စီကို အသိအမှတ်ပြုစရာကိုမရှိတဲ့အတွက် စစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို ဆန်ကျင်ဖို့ မီဒီယာသမားတွေမှာ တာဝန်ရှိတယ်။ ” ဟု ပြောသည်။

ပြည်သူ့လှုပ်ရှားမှုများအား အချိန်နှင့်တပြေးညီ သတင်းရယူထုတ်လွှင့်ခြင်းကို ဆက်မလုပ်နိုင်ရန်အတွက် အဆိုပါ သတင်းဌာန ၅ ခုကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်ပြီး အခြားသော သတင်းမီဒီယာများကိုပါ သွယ်ဝိုက်ခြိမ်းခြောက် ဖိနှိပ်လာခြင်းပင်ဖြစ်ကြောင်း လွတ်လပ်သောသတင်းမားများအင်အားစုမှ ယနေ့ မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ ဒါကစစ်ကောင်စီရဲ့ ပထမဆုံး ခြေလှမ်းလို့ ကျနော်မြင်တယ်။ မီဒီယာတိုက်တွေကို မေတ္တာရပ်ခံတာ၊ အသိပေးတာ စာကို ၄ ကြိမ်အထိ ပေးပို့ခဲ့တယ်လို့ ကျနော်တို့သိရတယ်။ အဲဒီနောက်မှာ အခု အရေးယူတာလို့ မြင်တယ်။ သတင်းလုပ်ငန်းအပေါ်မှာ ကျနော်တို့ သစ္စာရှိရှိနဲ့ မီဒီယာကျင့်ဝတ်နဲ့ လုပ်နေကြတဲ့အပေါ်မှာ ပြည်သူလူထုလည်း နားလည်ဖို့ လိုတယ်။ စစ်ကောင်စီလည်း အဲဒါကိုနားလည်ဖို့ လိုတယ်။ ” ဟု လွတ်လပ်သောသတင်းသမားများအင်အားစု၏ ရန်ကုန်တာဝန်ခံက ပြောသည်။

သတင်းမီဒီယာဥပေဒပါ ပြဌာန်းချက်များနှင့်အညီ သတင်းရယူထုတ်လွှင့်နေခြင်းဖြစ်ပြီး မည်သည့်ဥပဒေကိုမျှ ချိုးဖောက်နေခြင်းမဟုတ်သည့်အတွက် အဆိုပါအမိန့်အမှတ်များကို မလိုက်နာနိုင်ကြောင်း လွတ်လပ်သောသတင်းသမားများအင်အားစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္ဈိမက ၎င်း၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ယခုလို ရေးသားဖော်ပြထားသည်။

“ စစ်အဏာသိမ်းမှုအား ဆက်လက်ဆန့်ကျင်သွားပြီး၊ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ ပြန်လည်ထွန်းကားရေးအတွက် လွတ်လပ်သော မီဒီယာအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။ ”

အလားတူ ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်က တရားဝင်မှတ်ပုံတင်ရရှိထားသော သတင်းဌာနဖြစ်ပြီး ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ယခုလို ရေးသားဖော်ပြထားသည်။

“ရန်ကုန်ခေတ်သစ်၏ အယ်ဒီတာချုပ်နှင့်တည်ထောင်သူကမူ တရားမဝင် စစ်အာဏာသိမ်းကောင်စီ၏ တရားမဝင်သော အမိန့်ကို လိုက်နာမည်မဟုတ်ဘဲ သတင်းမီဒီယာအနေဖြင့် ဆက်လက် ရပ်တည်လည်ပတ်မည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုနှင့်အတူ ဆက်လက် ရပ်တည်မည်ဖြစ်ပါကြောင်း တရားဝင် အသိပေးကြေညာအပ်ပါသည်။”

လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တုန့်ပြန်ဆောင်ရွက်မှုကြောင့် ဖမ်းဆီးရိုက်နှက်ခံရမှုနှင့် ဖုန်း၊ ကင်မရာယူဆောင်ခံရသည့် သတင်းသမားများမှာ ရန်ကုန်တွင် ၈ ဦး၊ မုံရွာတွင် ၂ ဦး (၅၀၅-က ဖြင့်လည်း တရားစွဲခံထားရ)၊ ဘတ်မြို့တွင် ၁ ဦး၊ မြေလတ်တွင် ၁ ဦး ရှိကြောင်း လွတ်လပ်သောသတင်းသမားများအင်အားစု၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ