အကြမ်းဖက်မှုနှင့်စွပ်စွဲခံထားရသည့် တောင်ကုတ်ဒေသခံလေးဦး ၁၁ လအကြာ တရားရင်ဆိုင်ပြီးနောက် လွတ်မြောက်လာ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေပုဒ်မ- ၅၂(က)နှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအပါအဝင် လေးဦးမှာ ၁၁ လအကြာ တရားရင်ဆိုင်ခဲ့ရပြီး ယနေ့(ဧပြီ ၂၆ ရက်)နေ့တွင် လွတ်မြောက်လာကြောင်း ရှေ့နေထံမှသိရသည်။

26 Apr 2021

Photo - Soe Thiha Swe

DMG ၊ ဧပြီ ၂၆

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေပုဒ်မ- ၅၂(က)နှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအပါအဝင် လေးဦးမှာ ၁၁ လအကြာ တရားရင်ဆိုင်ခဲ့ရပြီး ယနေ့(ဧပြီ ၂၆ ရက်)နေ့တွင် လွတ်မြောက်လာကြောင်း ရှေ့နေထံမှသိရသည်။

၎င်းတို့ကိုစွဲဆိုထားသည့်အမှုမှာ ပြစ်မှုမထင်ရှားသောကြောင့် တောင်ကုတ်မြို့နယ်တရားရုံးက တရားသေ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။

“တရားသူကြီးက အခုသူတို့ကိုစွဲဆိုထားတဲ့အမှုကို သံသယနဲ့စွဲဆိုတဲ့အမှုလို့ သတ်မှတ်လိုက်တာကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၂၅၈(၁)အရ တရားသေလွှတ်လိုက်ပါတယ်” ဟု ဒေါ်သိင်္ဂီမောင်က ရှင်းပြသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ တောင်ကုတ်မြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ ယခင်မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေတို့ ဖြစ်ကြသည်။

ဦးဇေယျကျော်ပါလေးဦးမှာ ၂၀၂၀ ပြည့်နှစ် မေလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဖမ်းဆီးခံရပြီးနောက် (AA)နှင့်ဆက်နွယ်မှု၊ ရိက္ခာထောက်ပံ့ကူညီမှုရှိသည်ဟုဆိုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ စစ်တွေမြို့ သတင်းအထူးတပ်ဖွဲ့(SB)မှ ရဲမှူးဇော်မြင့်ထွန်းက တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စွဲချက်အမိန့်ချမှတ်ရာတွင် ဦးဇေယျကျော်ပါလေးဦးမှာ တရားလိုပြ သက်သေများ၏ထွက်ဆိုချက်အရ စွဲဆိုထားသည့်ပုဒ်မနှင့် ငြိမ့်စွမ်းမှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ-ပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်ခဲ့သည်။

တောင်ကုတ်မြို့နယ် စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေ၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက “စိတ်ခံစားမှု တွေက အမျိုးမျိုးခံစားခဲ့ရတယ်။ ဒါပေမယ့် အခုလိုပြန်လွတ်လာတော့ ဝမ်းသာတာပေါ့။ အပြစ်မရှိတဲ့ အတွက် ပြန်လွှတ်လိုက်တာလို့လည်း မှတ်ယူတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည် (၂)နှစ်တာကာလ အတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ များနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့မှ ကောက်ယူ ရရှိထားသည့် စာရင်းအရသိရသည်။

ယင်းတို့ထဲမှ တရားရုံးမှပြန်လည်လွတ်မြောက်သွားသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ရ၈ ဦးရှိကြောင်း သိရသည်။

ယခု ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်းကြေငြာခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ များနှင့် တရားစွဲဆိုခံထားရသူများ ပြန်လည်လွတ်မြောက်လာမည်ဟု မိသားစုဝင်များက မျှော်လင့်နေကြသည်။

ဗီဒီယိုများ