NLD အစိုးရလက်ထက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူဦးရေ တစ်ထောင်ကျော်ရှိ

NLD အစိုးလက်ထက် (၄)နှစ်ကျော် ကာလအတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ (၁၀၅၁)ဦးရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း(၅၃၉)မှုရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့က ယနေ့ ဇူလိုင်(၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

16 Jul 2020

ဝင်းညွန့်၊ မင်းထွန်း | DMG
ဇူလိုင် ၁၆ ၊ စစ်တွေ

NLD အစိုးလက်ထက် (၄)နှစ်ကျော် ကာလအတွင်းတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုသဖြင့် တရားစွဲဆိုခံရသူ (၁၀၅၁)ဦးရှိပြီး တရားစွဲဆိုထားသည့် အမှုပေါင်း(၅၃၉)မှုရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့က ယနေ့ ဇူလိုင်(၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့ တရားစွဲဆိုခံရသည့်အမှုများမှာ ဆက်သွယ်ရေးဥပဒေပုဒ်မများဖြင့် အများဆုံးဖြစ်ပြီး ငြိမ်းစုစီ၊ နိုင်လွတ်လုံ၊ မတရားအသင်းများအက်၊ အကြမ်းဖက်တိုက်ဖျက်ရေး စသည့်ဥပဒေပုဒ်မတို့အပြင် ရာဇသတ်ကြီးပုဒ်မတို့လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်မှ သိရသည်။

ဒီမိုကရေစီလမ်းကြောင်းကိုသွားနေသည့် အစိုးရတစ်ရပ်အနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ယခု ကဲ့သို့ ဖိနှိပ်ကန့်သတ်နေခြင်းသည် အပြောနှင့်လက်တွေ့မညီခြင်းကို ပြသနေကြောင်း အသံအဖွဲ့သုတေ သီတစ်ဦးဖြစ်သူ မထက်ထက်ဇော်က ပြောသည်။

“သူတို့ပြောပြနေတဲ့ ဒီမိုကရေစီဆိုတာကရော ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာတာလဲ၊ ကိုယ်လိုသလို အဓိပ္ပါယ် ဖွင့်နေသလားဆိုတာ မေးခွန်းထုတ်စရာပါပဲ”ဟု ၎င်းကဆိုသည်။

လက်ရှိအစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်ပြီး အစိုးရ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ တို့က ဖိနှိပ်မှုများ လုပ်နေခြင်းဖြစ်ကြောင်း အသံအဖွဲ့မှ သုတေသီတစ်ဦးဖြစ်သည့် မပန်ဆုပြည့်အိမ်က ရှင်းပြသည်။

အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက အစိုးရအနေဖြင့် ဝေဖန်ပြောဆိုခြင်းများ၊ သတင်း ရေးသားခြင်းများနှင့်ပတ်သက်ပြီး တရားစွဲဆိုထားသည်တို့ကို အမြန်ဆုံးရုပ်သိမ်းသင့်ကြောင်းနှင့် ထောက်ဒဏ် ချမှတ်ခံထားရသူများကိုလည်း အမြန်ဆုံး ပြန်လည်လွှတ်ပေးသင့်ကြောင်း တိုက်တွန်းသည်။

“နောက်နောင်ဖြစ်ပေါ်လာဦးမယ့် ဝေဖန်မှုတွေကို အာဏာပိုင်တွေအနေနဲ့ စိတ်ရှည်သည်းခံပြီး သဘောထား ကြီးစွာ နားထောင်ပေးသင့်တယ်။ အထူးသဖြင့် သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအပေါ် မကျေလည်တာတွေရှိရင် သတင်းမီဒီယာကောင်စီကနေတဆင့် ညှိနှိုင်းဆောင်ရွက်တဲ့နည်းလမ်းကိုပဲ ကျင့်သုံး သင့်တယ်” ဟု မောင်ဆောင်းခက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်တိုင်းဒေသကြီးသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု အမြင့်ဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှာ ဒုတိယအမြင့်ဆုံးဖြစ်ကာ ပြည်နယ်များထဲတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရမှု အမြင့်ဆုံးဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်မှ သိရသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးသက်တမ်း (၄)နှစ်တာကာလအတွင်း၌ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့်ပတ်သတ်၍ တရားစွဲဆိုခံထားရသည့်အမှုများမှာ ပထမနှစ်တွင် (၈၉)မှု၊ ဒုတိယနှစ်တွင် (၁၁၀) မှု၊ တတိယနှစ်တွင် (၁၇၆)မှုနှင့် စတုတ္ထနှစ်တွင် ၁၆၄ မှု စုစုပေါင်း( ၅၃၉)မှုရှိခဲ့ကြောင်း အသံအဖွဲ့မှသိရသည်။

ဗီဒီယိုများ