လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ ငြိမ်းစုစီဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် လူငယ်သုံးဦးကို ရုံးထုတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူ့အခွင့်အရေးကမ်ပိန်း ပြုလုပ်မှုနှင့်ပတ်သက်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် တရားစွဲခံထားရသည့် လူငယ်သုံးဦးကို ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

By အောင်ထိန် 30 Dec 2020

အောင်ထိန် | DMG
ဒီဇင်ဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူ့အခွင့်အရေးကမ်ပိန်း ပြုလုပ်မှုနှင့်ပတ်သက်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် တရားစွဲခံထားရသည့် လူငယ်သုံးဦးကို ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယနေ့ရုံးထုတ်တွင် အမှုနှင့်ပတ်သက်၍ (CMP)အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း တရားစွဲဆိုခံထားရသူ ကိုမင်းဘာချေ(ခ) ကိုသန်းလှက ပြောသည်။

“ဥပဒေဖက်ကို ကျေအေးမလားလို့ တရားသူကြီးကမေးတယ်။ ဥပဒေဖက်ကကျေအေးတယ်လို့ဆိုရင် ကျွန်တော်တို့အမှုကို ဖျက်သိမ်းလို့ရတယ်ပေါ့။ ဒါပေမယ့် ဥပဒေဖက်ကတော့ မကျေအေးဘူး။ တရားသူကြီးက ကျွန်တော်တို့ဖက်ကရော ကျေအေးမလားလို့မေးတယ်။ ကျေအေးဖို့ဆိုတာက ကျွန်တော်တို့ဟာ တရားခံ မဟုတ်ဘူး။ ပြစ်မှုတွေကို ကျူးလွန်ထားသူလည်းမဟုတ်ဘူး။ ကျွန်တော်တို့လည်းမကျေအေးဘူး”ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် လူငယ် ၃၀ ကျော်က ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။

ထိုသို့ကမ်ပိန်းပြုလုပ်ရာတွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီးသွားရောက်ခဲ့ကြရာ စစ်တွေဟိုတယ်အနီးအရောက်တွင် ရဲတပ်ဖွဲ့ကလာရောက်ပြီး လူငယ်သုံးဦးကိုဖမ်းဆီးခဲ့ကာ ယင်းနေ့ ညနေပိုင်းအချိန်မှာပင် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ကို ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီ ပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဥပဒေဖက်က ဘာကြောင့်လက်ခံတယ်ဆိုတာစဉ်းစားမရဘူး။ ကျွန်တော်တို့က ဆန္ဒပြတာလည်းမဟုတ်ဘူး။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပုတ်ခတ်တာလည်းမဟုတ်၊ ဒါကို ရဲကတရားစွဲတာကို ဥပဒေက လက်ခံတာဟာ မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ တရားရေးမဏ္ဍိုင်ဟာ ဘယ်လောက်ထိ ယိုယွမ်းပျက်စီးနေတယ်ဆိုတာ ဒီနေရာမှာပေါ်လွင်နေပေ့ါ” ဟု ကိုမင်းဘာချေက ဆိုသည်။

ထိုသို့ တရားစွဲခံရသည့် လူငယ်သုံးဦးအမှုနှင့်ပတ်သက်၍ (CMP) အပြီးသတ်အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ရန်အတွက် လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ဗီဒီယိုများ