ဘာသာရေးပွဲများအား ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ်ရန် ကြပ်မတ်သွားမည်ဟုဆို

ရခိုင်ပြည်နယ်တွင် ဘာသာရေးပွဲများကျင်းပပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

10 Jul 2021

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်နယ်တွင် ဘာသာရေးပွဲများကျင်းပပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့က ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘာသာရေးပွဲတွေမှာ လူငါးဆယ်ထက်ပိုရင် စည်းကမ်းနဲ့မညီဖြစ်မှာပါ။ စည်းကမ်းနဲ့မညီရင် ကျွန်တော်တို့ ကလည်း လိုအပ်သလို အရေးယူမှုတွေရှိလာနိုင်တဲ့အတွက် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေကို တင်ပြလျှောက်ထားပြီး ကြပ်မတ်ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

မကြာမီကာလအတွင်း ဗုဒ္ဓဘာသားများ၏ ဓမ္မစင်္ကြာနေ့နှင့် မွတ်ဆလင်များ၏ ဘက္ကရီအစ်နေ့ကဲ့သို့သော ပွဲတော်နေ့များ ရှိလာမည်ဖြစ်သည့်အတွက် ထိုကာလတွင် ကိုဗစ်စည်းကမ်းများဖြစ်သည့် လူငါးဆယ်ထက် ပိုမစုရုံးကြရန်၊ တစ်ဦးနှင့်တစ်ဦး သုံးပေခြားနေထိုင်ရန်နှင့် နှာခေါင်းစည်းများတပ်ဆင်ရန် စသည်တို့ကို အဓိကကြပ်မတ်သွားမည်ဖြစ်ကြောင်း ဦးလှသိန်းကပြောသည်။

“ဒါတွေကို မြို့နယ်အဆင့်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆက်လက်လုပ်ဆောင်သွားဖို့အတွက် ကျွန်တော်တို့ ညွှန်ကြားထားပါတယ်” ဟု ၎င်းကပြောသည်။

စည်းမျဉ်းများကို လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများမှ ကိုဗစ်စည်းမျဉ်း များနှင့်အညီဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုး ကူးစက်မှုတိုးလာနေသည့်အတွက် ဘာသာရေးခေါင်းဆောင်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းများကို လိုက်နာပေးကြစေလိုကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုသည်။

“လူ့ဘဝမှာတော့ ပညာရေး၊စီးပွားရေး၊ဘာသာရေးတွေက အကုန်အရေးကြီးကြတာပါပဲလေ။ ဒါပေမယ့် ကျန်းမာရေးလောက်အရေးကြီးတာရှိပါ့မလား။ ဒီတော့ ဘာသာရေးဆိုင်ရာ ပွဲတော်တွေ၊နေ့ထူးနေ့မြတ်တွေမှာ လူစုလူဝေးမဖြစ်စေဖို့ကို ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့လူနာစုစုပေါင်း ၇၂၇ ဦးရှိပြီး ယင်းအထဲမှ ဆေးရုံဆင်းခွင့်ရလူနာ ၁၂၇ ဦးနှင့် သေဆုံးသူ ၇ ဦးအထိရှိကြောင်း သိရသည်။

ဗီဒီယိုများ