ရခိုင်တွင် စက်သုံးဆီများ လိုသလောက် ဝယ်မရ

ရခိုင်ပြည်၊ စစ်တွေအပါအဝင် တခြားမြို့နယ်များတွင် စက်သုံးဆီများ လိုသလောက် ဝယ်မရသည့် အခြေအနေနှင့်ရင်ဆိုင်နေရပြီး ဈေးနှုန်းများလည်း အလွန်မြင့်တက်နေသည်ဟု သိရသည်။

06 Jun 2022

စစ်တွေမြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

DMG ၊ ဇွန် ၆

ရခိုင်ပြည်၊ စစ်တွေအပါအဝင် တခြားမြို့နယ်များတွင် စက်သုံးဆီများ လိုသလောက် ဝယ်မရသည့် အခြေအနေနှင့်ရင်ဆိုင်နေရပြီး ဈေးနှုန်းများလည်း အလွန်မြင့်တက်နေသည်ဟု သိရသည်။

ထို့ပြင် တစ်ချို့စက်သုံးဆီဆိုင်များမှာလည်း ဆီပြတ်တောက်နေမှုများကြုံတွေ့နေရပြီး ဝယ်ယူသုံးစွဲသူများအတွက် အလွန်ဒုက္ခရောက်ရသည်ဟုဆိုကြသည်။

“ကျနော့် ဆိုင်ကယ်မှာ ခရီးသည်တွေ အပြည့်နဲ့ ဆီကလည်း ကုန်တော့မှာမလို့ ကျော်ဇံဆိုင်ကို အားကိုး တကြီးနဲ့ဆီဖြည့်မလို့ သွားလိုက်တာ။ အဲ့ဒီရောက်တော့ ဆီ က ကုန်နေတယ်တဲ့။ အဲလိုမျိုးတွေအခက် အခဲဖြစ်တယ်” ဟု စစ်တွေမြို့တွင် သုံးဘီးမောင်းနှင်နေသည့် ကိုကျော်ခန့်ဦးက ပြောသည်။

ထိုကဲ့သို့ အနေအထားတွင် စက်သုံးဆီဆိုင်များသို့ ဆီဖြည့်ရန် လာရောက်သူ များလွန်းသောကြောင့် တန်းစီစောင့် ဆိုင်းကာ ဖြည့်နေရသည်ဟု စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသား မောင်မျိုးသန့်က ဆိုသည်။

“ဆီတစ်ခါ ထည့်မယ်ဆိုရင် ဆီဆိုင်မှာ နာရီခွဲလောက် စောင့်နေရတယ်။ ကျောင်းက ၇ နာရီဆိုရင်ဆီထည့်ဖို့အတွက် ၆ နာရီကနေ တကူးတကသွားရတယ်။ ကျောင်းနောက်ကျတဲ့ နေ့တွေဆိုရင် လမ်းဘေး ဆီဆိုင်ကပဲ ထည့်ရတယ်။ အခုကမိုးရာသီဆိုတော့ လမ်းဘေးဆိုင်တွေမှာ ရေတွေရောပါတယ်။ ရေတွေပါတဲ့အတွက် ဆိုင်ကယ်စက်ကို ထိခိုက်တယ်” ဟု သူကပြောသည်။

စစ်တွေမြို့ ဆီဆိုင်ကြီးများမှာ ယနေ့ ပရီမီယမ်ဒီဇယ်ဆီတစ်လီတာကို ၂၆၈၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာကို ၂၆၅၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာကို ၂၄၂၀ ကျပ်၊ အောက်တိန်း-92 တစ်လီတာကို ၂၃၃၅ ကျပ် ဈေးနှုန်းအသီး သီးရှိသည်။ သို့ရာတွင် လမ်းဘေးဆိုင်များတွင် ဓာတ်ဆီ တစ်လီတာကို ငွေ ၃၀၀၀ ကျပ်ဈေးနှုန်းပေးဝယ်နေရသည်။

မောင်တောမြို့နယ်ရှိ ဆီဆိုင်ကြီးများတွင်လည်း ယနေ့ ဓာတ်ဆီတစ်လီတာကို ငွေကျပ် ၃၀၀၀ အထိ ဈေးနှုန်းရှိပြီး လမ်းဘေးဆိုင်များတွင် ငွေ ၃၅၀၀ ကျပ်ခန့်အထိ မြင့်တက်လျက်ရှိကြောင်း မောင်တောမြို့မှ အငှားယဉ်မောင်းတစ်ဦးက ပြောသည်။

“ဆီပြတ်တောက်တာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဆီဆိုင်တွေကတော့ပြောတယ်။ အမြဲထည့်နေတဲ့ ဖောက်သည်တွေ ကိုပဲပေးမယ် ။ ဆီတွေ သိပ်မရှိတော့ဘူး နည်းနေပြီလို့တော့ပြောတယ်။ အစ်ကိုတို့တော့ ဆီပြတ်ပြီး မထည့်ခဲ့ရတာ မျိုးတော့ မရှိသေးဘူး။ ဆီဈေးတော့ တက်သွားတယ်။ သင်္ကြန်မကျခင်လောက်ကဆို အောက်တိန်း-92 တစ်လီတာကို ၂၆၀၀ ကျပ်ကနေ စထည့်လာတာ။ ၂၆၀၀ ကနေ ၂၈၀၀ ဖြစ်သွားတယ်။ အခု ဆိုရင် 92 တစ်လီတာကို ၃၀၀၀ ကျပ်နဲ့ ထည့်ရတယ်။ လမ်းဘေးကဆိုင်တွေကဆိုရင် 92 တစ်လီတာကို ၃၅၀၀ နဲ့ ထည့်ရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆီဆိုင်ကြီးများအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ဆီဝယ်ခွင့်လျှောက်လွှာတင်ကာ ဆီဝယ်ယူနေရသည်။ ထိုသို့ လျှောက်လွှာတင်ကာ ဝယ်ယူနေရသောကြောင့် ဆီရရှိမှု နှောင့်နှေးမှုများ ရှိနေသဖြင့် ဆီပြတ်တောက်မှု ဖြစ်ပေါ်ခြင်းဟု ရခိုင်ပြည်နယ်စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဌ ဦးသန်းလှိုင်က DMG သို့ပြောသည်။

“အခုလို ပြတ်တောက်မှုတွေ ရှိနေတာဟာ ခွဲတမ်းနောက်ကျတာတွေ ရှိပါတယ်။ ခွဲတမ်းလျှောက်တယ်။ သူတို့က ရှာပေးတယ်။ တစ်ချို့တွေက နှောင့်နှေးမှုရှိတဲ့အခါ ဆီပြတ်လတ်သွားတယ်။ ခွဲတမ်းတွေက တစ်ခါ လျှောက်ရင် လီတာ (၄၀၀၀) လောက်ပဲရတယ်။ ကားတစ်စီးစာ မပြည့်ဘူးဆိုတော့ အခက်အခဲတွေ ရှိပါတယ်”ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ်များတွင် ဓာတ်ဆီအပါအဝင် တခြားပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်သွားပြီး အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များမှာ ခက်ခဲကျပ်တည်းနေကြသည်။

ဗီဒီယိုများ