စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံသည့်အဖွ့ဲကို တရားရုံးမှ ငွေဒဏ်ချ

“ဒါဆိုရင်တဲ့ တရားသူကြီးက ခွင့်ပြုချက်မတင်လို့ရှိရင် ၇ ရက်ကနေ တစ်သောင်းထိ ရှိတယ်တဲ့။ ဒဏ်ငွေက နှစ်သောင်းရိုက်ခံရမှာ။ အခုတော့ ခင်ဗျားတို့မှာတင်ထားတဲ့ဟာရှိတယ်။ မကျသေးဘူး။ အဲဒါကြောင့် ၇ ရက်ကနေလို့ ဒဏ်ငွေတစ်သောင်းရှိတယ်။ ၇ ရက်ကိုတော့ မချတော့ဘူး။ ဒဏ်ငွေတစ်သောင်းပဲ ဆောင်ပေးပါဆိုလို့ ၁၆ ယောက်စလုံး ဒဏ်ငွေတစ်သောင်းစီ ပေးရပါတယ်”

08 Aug 2019

သတင်း|မင်းထွန်း

သြဂုတ် ၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  စစ်ဘေးရှောင်တွေအတွက် အလှူငွေကောက်ခံနေသော ရက္ခတော်ဝင် ပရဟိတ စေတနာရှင်များအဖွဲ့ကို ခွင့်ပြုချက်မဲ့ အလှူငွေကောက်ခံမှုဖြင့် မြို့နယ်တရားရုံးက သြဂုတ်လ ၇ ရက်နေ့တွင်  ငွေဒဏ်ချမှတ်လိုက်သည်။

ရက္ခတော်ဝင်ပရဟိတစေတနာရှင်များအဖွဲ့မှာ  သြဂုတ်လ ၆ ရက်နေ့က စစ်တွေမြို့တွင်း အလှူခံနေစဉ် အသင်း ဝင် ၂၀ ဦးကို   စစ်တွေမြို့အမှတ် (၁)ရဲစခန်းမှ ခေါ်ယူစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။  ယင်းအထဲမှ အဖွဲ့ဝင် ၁၆ ဦးကို တစ်ဦးလျှင် ငွေတစ်သောင်းစီကို ဒဏ်ငွေအဖြစ်ပေးဆောင်ရန်  တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒါဆိုရင်တဲ့ တရားသူကြီးက ခွင့်ပြုချက်မတင်လို့ရှိရင် ၇ ရက်ကနေ တစ်သောင်းထိ ရှိတယ်တဲ့။ ဒဏ်ငွေက နှစ်သောင်းရိုက်ခံရမှာ။ အခုတော့ ခင်ဗျားတို့မှာတင်ထားတဲ့ဟာရှိတယ်။ မကျသေးဘူး။ အဲဒါကြောင့် ၇ ရက်ကနေလို့ ဒဏ်ငွေတစ်သောင်းရှိတယ်။ ၇ ရက်ကိုတော့ မချတော့ဘူး။ ဒဏ်ငွေတစ်သောင်းပဲ ဆောင်ပေးပါဆိုလို့ ၁၆ ယောက်စလုံး ဒဏ်ငွေတစ်သောင်းစီ ပေးရပါတယ်” ဟု အဖွဲ့၏ အတွင်းရေးမှူး ဒေါ်ချိုချိုက ပြောသည်။

ရက္ခတော်ဝင် ပရဟိတအသင်းသည် စစ်ဘေးရှောင်များအတွက် အလှူခံနိုင်ရန် ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ခွင့်ပြုချက်တင်ခဲ့သော်လည်း ခွင့်ပြုချက်မရှိသဖြင့် စစ်ဘေးရှောင်များ အကူညီလိုအပ်နေသောကြောင့် အလှူငွေ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဥက္ကဖြစ်သူ ဒေါ်စိုးတင်ရီက ပြောသည်။

“ခွင့်ပြုချက်မကျသေးဘဲ အဒေါ်တို့ ပိုက်ဆံကောက်တယ်၊ အလှူခံတယ်ဆိုတာက စစ်ဘေးရှောင်တွေက များလာတယ်။ အဒေါ်တို့ အရင်တုန်းက သွားပေးတဲ့နေရာတွေက ဖုန်းတွေလာကြတယ်။ ဒီမှာ စားဝတ်နေရေး အဆင်မပြေဘူး။ ကျန်းမာရေးကအစ၊ စားစရာသောက်စရာတွေလည်း ဘာမှမရှိဘူး။ အဲဒီလိုပြောတော့ အဒေါ်တို့က မခံစားနိုင်ဘူး။ ကိုယ်တို့က နေရိပ်ထဲမှာနေနေရတာ။ သူတို့ ဘယ်လိုနေရမှာလဲ။ ကိုယ့်အိမ်လည်းမဟုတ်ဘူး။ စားရတာလည်း သူများပေးမှစားရတာဆိုတော့ အဒေါ်တို့ရင်ထဲမှာမချိဘူး။ အဲဒီအသံတွေကိုအဒေါ်တို့မကြားချင်ဘူး။ အဲဒါနဲ့ အဒေါ်တို့ သွားပြီးတော့ အလှူခံလိုက်တာ” ဟုဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံနေသည့် ရခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအသင်းကို ခွင့်ပြုချက်မဲ့ အလှူငွေကောက်ခံမှုဖြင့် တရားရုံးက ငွေဒဏ်ချမှတ်ခဲ့သည်။

အလှူငွေကောက်ခံနေသည့် အဖွဲ့များအနေဖြင့် အစိုးရ၏ ခွင့်ပြုချက်ပေးသည့် အပိုင်းတွင် ကြန့်ကြာမှုများ ရှိနေခြင်းကို ဝေဖန်မှုများလည်း ရှိနေသည်။

 

 

ဗီဒီယိုများ