တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၁၇ ရက်နေ့ထွက်မည်ဟု ရခိုင်ပညာရေးမှူးပြော

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန်လ ၁၇ ရက်နေ့တွင်  သက်ဆိုင်ရာ စာစစ် ဌာနအသီးသီးတွင် ထုတ်ပြန်ကြေငြာသွားမည်ဟု ရခိုင်ပြည်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ အတည် ပြုသည်။

15 Jun 2022

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ။ (ဓာတ်ပုံ-DMG)

DMG ၊ ဇွန် ၁၅

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို လာမည့် ဇွန်လ ၁၇ ရက်နေ့တွင်  သက်ဆိုင်ရာ စာစစ် ဌာနအသီးသီးတွင် ထုတ်ပြန်ကြေငြာသွားမည်ဟု ရခိုင်ပြည်ပညာရေးမှူး ဦးဘထွီးစိန်က DMG သို့ အတည် ပြုသည်။

“ အောင်စာရင်းကတော့ ဇွန် ၁၇ ရက်နေ့ ကပ်မယ်ဆိုပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အကြောင်ကြားထား တယ်။ စာစစ်ဌာနတွေမှာ အောင်စာရင်းကပ်မှာ။ ကျောင်းအားလုံးမှာမဟုတ်။ စာမေးပွဲစစ်ခဲ့တဲ့ စာစစ်ဌာန တွေမှာပါ။  မြို့နယ် ပညာရေးမှုးရုံးမှာလည်း ကပ်ပေးသွားမှာပါ ” ဟု သူကဆိုသည်။  

မည်သည့်အချိန်တွင် အောင်စာရင်းကပ်မည်ကို တိတိကျကျမပြောသော်လည်း လျှို့ဝှက်ညွှန်ကြားထားပြီးသား ဖြစ်ကြောင်း ဦးဘထွီးစိန်က ဆက်လက်ပြောသည်။

“မြို့နယ်ပညာရေးမှူးတွေနဲ့ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းအုပ်တွေက ကပ်လိမ့်မယ်။ အချိန်ကိုတော့ ပြည်နယ်ပညာရေးမှူးရုံးက မသိဘူး။ လျှို့ဝှက် ညွှန်ကြားထားပြီးသားဖြစ်တယ် အဲဒါကိုက။ အွန်လိုင်းကနေ ထုတ်ပြန်သွားမယ့်ဟာကတော့ ပြောလို့မရှိဘူး။ သို့သော်လည်းပဲ အရင်နှစ်တွေကလိုပဲ အွန်လိုင်းကနေ ကြေငြာမယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်တွင် စာမေးပွဲဖြေဆိုရန်အတွက် စာရင်းပေးသွင်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၄၅၆၀၀ ဦးအထိရှိခဲ့သော် လည်း ၃၄၀၀၀ ကျော်ဝင်ရောက်ဖြေဆိုခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ သုံးသိန်းကျော် ရှိခဲ့သည့်အနက် ရခိုင်ပြည်မှ အများဆုံးဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ