ရခိုင်မှ ကိုဗစ်မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ(Delta)ပိုးတွေ့ရှိသူ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရ

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ခံနေရသူအချို့၏ ကူးစက်ခံရသည့်ပိုး၏ ဗီဇအားစစ်ဆေးရာတွင် ဗီဇပြောင်းကူးစက်မြန် ဒဲယ်လ်တာ(Delta)ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

06 Sep 2021

DMG ၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ခံနေရသူအချို့၏ ကူးစက်ခံရသည့်ပိုး၏ ဗီဇအားစစ်ဆေးရာတွင် ဗီဇပြောင်းကူးစက်မြန် ဒဲယ်လ်တာ(Delta)ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကို စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းသို့မျိုးရိုးဗီဇကွဲ ကိုဗစ်တွေ့ရှိသူ ၁၅ ဦးထဲတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှတစ်ဦးပါဝင်ခဲ့ပြီး ၎င်းမှာကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“လက်ရှိမှာတော့ သူကကျန်းမာရေးကောင်းမွန်တဲ့အတွက် ဆေးရုံကဆင်းသွားပါပြီ။ ဘယ်နေ့ဆင်းသွားလဲဆိုတာတော့ ကျွန်တော်လဲအတိကျမသိတော့ဘူး”ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းမှာ ဇူလိုင်လနောက်ဆုံးအပတ်မှစ၍ လျော့ကျလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စက်တင်ဘာ ၆ ရက်နေ့ ညနေ့ ၅ နာရီအထိ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ ၄၁၂ ဦးရှိပြီး စစ်တွေတွင် ၉၈ ဦး၊ မောင်တောတွင် ၁၈ ဦး၊ သံတွဲတွင် ၃၅ ဦး၊ တောင်ကုတ်တွင် ၆၈ ဦး၊ ဘူးသီးတောင်တွင် ၈ ဦး၊ ကျောက်တော်တွင် ၂၀ ဦး၊ မင်းပြားတွင် ၁၅ ဦး၊ ဂွတွင် ၂၂ ဦး၊ ကျောက်ဖြူတွင် ၃၉ ဦး၊ ရမ်းဗြဲတွင် ၁၀ ဦး၊ ပုဏ္ဏားကျွန်းတွင် ၉ ဦး၊ ပေါက်တောတွင် ၁၂ ဦး၊ အမ်းတွင် ၁၈ ဦး၊ မြောက်ဦးတွင် ၁၈ ဦး၊ ရသေ့တောင်တွင် ၉ ဦးနှင့် မာန်အောင်တွင် ၁၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ရှိမှုနှုန်းမှာ တစ်ဆယ်ရာခိုင်နှုန်းအောက်လျှော့သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက DMG သို့ ပြောဆိုထားသည်။

“ဒီရက်ပိုင်းမှာဆိုလို့ရှိရင် စစ်ဆေးနိုင်မှု လေးသောင်းငါးထောင်ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်ဆေးနိုင်မှုကများတယ်။ ပိုးတွေ့ရှိမှုအနေနဲ့ဆိုရင် တစ်ဆယ်ရာခိုင်နှုန်းအောက်ရောက်နေတယ်။ သေဆုံးမှုတွေကလည်းကျလာတယ်”ဟု ဆိုသည်။

ယင်းကဲ့သို့ မျိုးရိုးဗီဇပြောင်း ဒယ်လ်တာပိုးတွေ့ရှိပြီးနောက် စစ်တွေမြို့တွင် mask မတပ်တဲ့ ဆိုင်ကယ်စီးသူများနှင့် လမ်းသွားသူများကိုဖမ်းဆီးကာ ကိုဗစ်စစ်ဆေးမှုများကို ရှောင်တခင်ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်းမှာ ၄၃၆၀ ဦးအထိရှိလာနေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာ ၆ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၄၁၇,၉၇၁)ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ(၃၆၅,၆၀၅)ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၅,၉၈၅)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ