စစ်တွေမြို့နယ်မှ မွတ်ဆလင်ကျေးရွာများတွင် ညစဉ်ကင်းစောင့်နေရ၍ လက်လုပ်လက်စားများ အခက်အခဲဖြစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာများတွင် မြန်မာစစ်တပ်က ကျေးရွာအတွင်းနေထိုင်သူများကို ညစဉ် အလှည့်ကျကင်းစောင့်ခိုင်းထားသဖြင့် လက်လုပ်လက်စားများမှာ အခက်အခဲဖြစ်နေရသည်ဟု ပြောဆိုကြသည်။

05 Aug 2022

စစ်တွေမြို့နယ် ပလ္လင်ပြင်(မွတ်ဆလင်)ကျေးရွာမှ ကင်းရုံအား တွေ့ရစဉ်။

DMG ၊ သြဂုတ် ၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာများတွင် မြန်မာစစ်တပ်က ကျေးရွာအတွင်းနေထိုင်သူများကို ညစဉ် အလှည့်ကျကင်းစောင့်ခိုင်းထားသဖြင့် လက်လုပ်လက်စားများမှာ အခက်အခဲဖြစ်နေရသည်ဟု ပြောဆိုကြသည်။

အဆိုပါကျေးရွာများမှ မွတ်ဆလင်အများစုမှာ စိုက်ပျိုးရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်း၊ လက်လုပ်လက်စားများနှင့် ဈေးရောင်းဈေးဝယ်လုပ်ကိုင်သူများဖြစ်ကြောင်း ဆိုကြသည်။

ယင်းသို့ တစ်နေ့လုံးအလုပ်လုပ်ကိုင်ပြီး ညဘက်တွင် ကင်းစောင့်နေရသည့်အတွက် နောက်ရက်များတွင် အလုပ်ဆက်မလုပ်နိုင်ဘဲဖြစ်နေရသည်ဟု ပလ္လင်ပြင်(မွတ်ဆလင်)ကျေးရွာမှ တာဝန်ရှိသူ အဒူဆလိန်ကပြောသည်။

“ညနေ ၈ နာရီကနေ မနက် ၆ နာရီအထိ တစ်ညလုံးမအိပ်ပဲနဲ့ အလှည့်ကျ ကင်းစောင့်လှည့်လည်ရတယ်။ တချို့ဆိုရင် တစ်ရက်လုံးအလုပ်လုပ်ပြီး အလုပ်ပင်ပန်းတယ်၊ ညဘက်ရောက်ရင်လည်း တစ်ညလုံးကင်းစောင့်ရတော့ ညမအိပ်ရဘူး။ ပိုပြီးပင်ပန်းသွားတယ် အလုပ်မသွားနိုင်တော့ဘူး။ ဝင်ငွေလည်းမရဘူးဖြစ်သွားကြတယ်ပေ့ါ”ဟု ၎င်းကဆိုသည်။

ထိုသို့အလှည့်ကျကင်းစောင့်ရာတွင် သက်ကြီးရွယ်အိုများသာရှိသည့် နေအိမ်များမှာ တစ်ညလျှင်ငါးထောင်ကျပ်ဖြင့် လူအငှားထည့်ကာ ကင်းစောင့်ခိုင်းရသည်များလည်းရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာများတွင် ညအချိန် လုံခြုံရေးနှင့် ကျေးရွာပတ်ဝန်းကျင်များကို စောင့်ကြည့်ရန်၊ အချိန်မတော် သူစိမ်းများဝင်လာပါက ဖမ်းဆီးပေးရန်အတွက် ဇူလိုင်လကုန်ပိုင်းမှစ၍ အလှည့်ကျကင်းစောင့်ရန် မြန်မာစစ်တပ်က ခိုင်းထားသည်ဟုဆိုသည်။

ယခုကဲ့သို့ အလှည့်ကျကင်းစောင့်ရသည်မှာ မည်သည့်နေ့အထိ စောင့်ရမည်ကို မသိရသေးကြောင်း စစ်တွေမြို့နယ်၊ င/ပွန်းကြီးကျေးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာတာဝန်ရှိသူတစ်ဦးကပြောသည်။

“ဘယ်အချိန်ထိ အခုလို ညမအိပ်ပဲစောင့်ရမှာလည်းဆိုတာတော့ မသိဘူး။ မိုးရွာရင်လည်း အိမ်ထဲမဝင်ရဘူး။ ကင်းရုံမှာပဲ နေနေရတယ်ပေါ့။ ကင်းရုံတစ်ရုံမှာ ၁၀ ယောက်ဆိုရင် ၅ ယောက်က ရွာကိုလှည့်လည်ရတယ်။ နောက် ၅ ယောက်က ကင်းရုံမှာကျန်ခဲ့ရတယ်။ ဒီအတိုင်း အမြဲတမ်းကင်းစောင့်နေရမယ်ဆိုရင်တော့ ကျနော်တို့မှာကျန်းမာရေးလည်း ထိခိုက်လာနိုင်တယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ ကင်းစောင့်ရသည့်ကျေးရွာများမှာ စစ်တွေမြို့နယ်မှ မယ်ဇလီကုန်း၊ င/ပွန်းကြီး၊ င/ပွန်းချေ၊ ပလ္လင်ပြင်(မွတ်ဆလင်)၊ ဆေးသမားကြီး၊ ချမ်းသာကုန်း၊ အုန်းတောကြီး၊ အုန်းတောချေ၊ ဒါးပိုင် စသည့် မွတ်ဆလင်ကျေးရွာများပါဝင်ကြောင်း သိရသည်။

ကင်းစောင့်ရာတွင်ပါဝင်သည့်ကျေးရွာမှ မွတ်ဆလင်တစ်ဦးက “ကျနော်တို့ကတော့ အခုလိုကင်းစောင့်နေရတာ လုံးဝအဆင်မပြေပါဘူး။ ကျေးရွာလုံခြုံရေးအတွက်ဆိုပြီးတော့ ကင်းစောင့်ခိုင်းတယ်။ ကျနော်တို့ကျေးရွာဘက်မှာက အကုန်လုံးက အခြေအနေအေးအေးဆေးဆေးလို့ ပြောလို့ရပါတယ်”ဟု ဆိုသည်။

မွတ်ဆလင်ကျေးရွာအချို့၏ အနီးပတ်ဝန်းကျင်တွင်လည်း မြန်မာစစ်တပ်နှင့် ရဲကင်းစခန်းများရှိသည်ဟုလည်းဆိုသည်။

အဆိုပါကျေးရွာများတွင် တစ်ရွာလျှင် ကင်းရုံ ၃ ရုံနှင့်အထက်ကို ရွာသားများအစီအစဉ်ဖြင့် ဆောက်လုပ်ထားရပြီး ကင်းရုံမဆောက်သည့် ကျေးရွာများလည်းရှိသည်။ ကင်းရုံတစ်ရုံတွင် အနည်းဆုံး လူ ၁၀ ဦးစီ မပျက်မကွက်ကင်းစောင့်ကြကာ ကင်းစောင့်မည့် လူစာရင်းကိုလည်း မြန်မာစစ်တပ်ထံ အကြောင်းကြားရကြောင်း သိရသည်။

ယခုကဲ့သို့ ကင်းစောင့်ခိုင်းခြင်းနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်က မြို့နယ်တချို့တွင် မွတ်ဆလင်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ရှိသူများကို ရက္ခိုင့်တပ်တော်(AA)နှင့် မပတ်သက်ကြရန်၊ AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို လက်မခံကြရန် စစ်ကောင်စီမှ ခေါ်ယူသတိပေးမှုများလည်းရှိသည်။

ဗီဒီယိုများ