ဘူးသီးတောင်မြို့ပေါ်စစ်ရှောင်စခန်းများမှတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ၅၀ ကျော်ရှိနေ

တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘူးသီးတောင်မြို့ပေါ်သို့ လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ၅၄ဦး ရှိနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

03 Mar 2020

လုံခြုံမှုမရှိသောကြောင့် ပြောင်းရွှေ့ဖြေဆိုရတော့မည့် စေတီတောင် အ.ထ.က  ကျောင်းအား စစ်ဘေးရှောင်များလာရောက်ခိုလှုံစဉ်က တွေ့ရပုံ။


ဝံသ(မောင်တော)|DMG
မတ် ၃ ၊ဘူးသီးတောင်

တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘူးသီးတောင်မြို့ပေါ်သို့ လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ၅၄ဦး ရှိနေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ ကျောင်းသားကျောင်းသူများမှာ ဘူးသီးတောင်မြို့ပေါ်ရှိ ရွာမအခမဲ့ပညာဒါနကျောင်းနှင့် ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတို့တွင် ပညာသင်ကြားနေကြရကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရသည့်အတွက် စာသင်ယူမှုအပိုင်းတွင် နောက်ကျမှုများရှိခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် သရဖီကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသူ ၁၀ တန်း ကျောင်းသားမောင်နေဇော်ဦးကပြောသည်။

“ဒီကျောင်းမှာ ဆရာတွေက အရမ်းကိုကောင်းပါ တယ်။ ဒါပေမယ့် သင်ထောက်ကူပစ္စည်းတွေမှာဆိုလို့ရှိရင် ဘောပင်တို့၊ စာအုပ်တို့ နည်းနည်းအခက်ခဲရှိတာပေါ့။ ကျွန်တော်တို့က စစ်ဘေးရှောင်ဆိုတဲ့အတွက် စာသင်ယူမှုအပိုင်းမှာ နောက်ကျသွားတဲ့ အပိုင်းတွေလည်းရှိတယ်။ ကျွန်တော်တို့စာမေးပွဲအတွက် အတတ်နိုင်ဆုံးတော့ ကြိုးစားထားပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စတင်စစ် ဆေးမည်ဖြစ်ကာ ဘူးသီးတောင်မြို့၊ ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးနှင့် ရွာမအခမဲ့ပညာဒါန စာသင်ဝိုင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

“ ပထမကတော့ ကျွန်မတို့ကစစ်ဘေးရှောင်ဆိုတော့ အခက်ခဲတော့ဖြစ် တာပေါ့။ ဆရာ၊ ဆရာမတွေကလာပြီးတော့ အကောင်းဆုံးသင်ပေးတဲ့အတွက် ဒီအချိန်မှာအကောင်းဆုံးဖြစ် အောင်ကြိုးစား နေပါတယ်”ဟု ဆယ်တန်းကျောင်းသူ မဖြူဖြူဝင်းက ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေ ဆိုမည့်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၆၇ ဦးရှိကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ယခုနှစ်တွင် ဘူးသီးတောင်မြို့နယ်၌ စာစစ်ဌာန ၅ ခု ဖွင့်လှစ်စစ်ဆေးသွားမည်ဖြစ်ကာ လုံခြုံရေးအရ ယခင်(စေတီတောင်) စာစစ်ဌာနအစား ဘူးသီးတောင်မြို့ အထက - ခွဲ (၃) စာစစ်ဌာနကို ဖွင့်လှစ်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း မောင်တောခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ လုံခြုံမှုအားနည်းသောဒေသများမှ စာစစ်ဌာန(၂၀)ခုကို လုံခြုံသော နေရာများသို့ ပြောင်းရွှေ့ စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောဆိုထားသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူ လေးသောင်း ကိုးထောင်ကျော် ဝင်ရောက်ဖြေဆိုမည် ဖြစ်ပြီး ပြောင်းရွှေ့စစ်ဆေးမယ့် စာစစ်ဌာန ၂၀ တွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၅၆၀၃ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ဗီဒီယိုများ