ကျောက်တော်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စာမေးပွဲမဖြေရသည့် (၄)တန်းနှင့်(၈)တန်းကျောင်းသား (၄၈၉)ဦးရှိ

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲကာလတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှုရှိနေသောကြောင့် စာစစ်ဌာန(၂၁)ခုကို ပိတ်ထားလိုက်ရပြီး ကျောင်းသား၊ ကျောင်းသူ (၄၈၉)ဦး စာမေးပွဲမဖြေဆိုလိုက်ရဟု မြောက်ဦးခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

28 Feb 2020

စင်းဘောကိုင်း စစ်ရှောင်စခန်းမှ ကျောင်တက်ရန်သွားနေသည့် မူလတန်းကလေးများ။ ဓာတ်ပုံ - စိမ်းကိုကို

ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၂၈၊ စစ်တွေ

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲကာလတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှုရှိနေသောကြောင့် စာစစ်ဌာန(၂၁)ခုကို ပိတ်ထားလိုက်ရပြီး ကျောင်းသား၊ ကျောင်းသူ (၄၈၉)ဦး စာမေးပွဲမဖြေဆိုလိုက်ရဟု မြောက်ဦးခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

တင်းမကျေးရွာအုပ်စု၊ မီးဝကျေးရွာအုပ်စု၊ ပြိုင်းတိုင်ကျေးရွာအုပ်စု စသည့်ကျေးရွာများမှ စာစစ်ဌာနများကို ပိတ်ထားလိုက်ရခြင်းဖြစ်သည်။ ယင်းကျေးရွာအနီးများတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စတုတ္ထတန်းစာမေးပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ဆေးခဲ့ပြီး အဋ္ဌမတန်းစာမေးပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။

စာမေးပွဲမဖြေဆိုရသည့် ကျောင်းသား၊ကျောင်းသူများ၏ စာရင်းကို ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြထားပြီး ၎င်းတို့ကို မည်သည့်ပုံစံဖြင့် စာမေးပွဲစစ်ဆေးမည်ကို မသိရသေးဟု မြောက်ဦးခရိုင်ပညာရေးမှူး ဦးမောင်သိန်းရွှေက DMG သို့ပြောသည်။

“ကျနော်တို့ကတော့ ပြန်လည်စစ်ဆေးဖို့အတွက်ကို ပြည်နယ်ကို တင်ထားတယ်။ မြောက်ဦးခရိုင်မှာ မေးခွန်းက အစကတည်းက နှစ်စောင်လုပ်ထားတာတော့ရှိတယ်။ ဒါပေမယ့် ဘယ်လိုပုံစံနဲ့ ဘယ်နေ့မှာ စစ်မလဲဆိုတာကိုတော့ ပြည်နယ်က အကြောင်းပြန်တာမရှိသေးဘူး”ဟု ၎င်းကပြောသည်။

ဒေသတွင်း တည်ငြိမ်မှုမရှိသေးသောကြောင့် စာမေးပွဲမစစ်ဆေးလိုက်ရသည့် ကျောင်းသား၊ကျောင်းသူများကို မည်သည့်နေ့တွင် ပြန်လည်စစ်ဆေးမည်ကို အတိအကျပြောဆို၍ မရသေးဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။

“ဘယ်အချိန်စစ်မလဲဆိုတာကိုတော့ သတ်မှတ်လို့မရဘူး။ ရုံးချုပ်နဲ့ စာစစ်ဌာနကိုတော့ အစီရင်ခံစာ တင်ပြထားတယ်။ သူတို့ညွှန်ကြားချက် ရတဲ့အချိန်မှပဲရမယ်။ စစ်မယ် မစစ်ဘူးဆိုတာ ဘယ်လို့ပြောနိုင်မှာလဲ။ တိုင်းပြည်မှ မအေးချမ်းတဲ့ဟာကို၊ ဘယ်သူကပြောနိုင်မလဲ” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မင်းပြား စသည့်မြို့နယ်များမှာလည်း စာစစ်ဌာနအချို့ပိတ်ထားရပြီး တခြားစာစစ်ဌာနများတွင် သွားရောက်ဖြေဆိုနေကြသည်ဟု သက်ဆိုင်ရာပညာရေးဌာနများမှ သိရသည်။

အလားတူ လာမည့်မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်ရှိ စာစစ်ဌာန(၂၀)ခုကို လုံခြုံရေးအရ ယာယီပိတ်ထားမည်ဖြစ်ပြီး လုံခြုံစိတ်ချရသည့်စာစစ်ဌာနများတွင် ပြောင်းရွှေ့ စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ