ရခိုင်က ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်ပြတ်တောက်မည်ကို စိုးရိမ်နေကြ

ရခိုင်ပြည်နယ်မှ ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်ပြတ်တောက် မည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများထံမှသိရသည်။

By ကျော်သူဌေး 01 Sep 2020

ကျော်သူဌေး | DMG
စက်တင်ဘာ ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်မှ ကျေးလက်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကုန်စည်ပြတ်တောက် မည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများထံမှသိရသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း Covid-19 ရောဂါကူးစက်ခံရသူများပြားနေသဖြင့် မြို့ပေါ်သွားကြသည့် မော်တော်ကားများ၊ လိုင်းစက်လှေများ ယာယီရပ်ထားမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ကုန်ပစ္စည်းများကို ယခင်ကကဲ့သို့ဝယ်ယူ၍မရသဖြင့် ကုန်စည်များပြတ်လပ်မည်ကို စိုးရိမ် နေရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ရင်းချောင်းကျေးရွာမှ ဦးမောင်သန်းယဉ်ကပြောသည်။

“Covid ဖြစ်နေတဲ့အတွက် မြို့ကိုလည်းမသွားရဘူး။ လမ်းပန်းဆက်သွယ်ရေးကကျပ်တည်းတယ်။ မြို့ပေါ်ကို သွားရင်လည်း ဈေးဆိုင်တွေပိတ်ထားတာတွေရှိတယ်။ လိုအပ်တာကိုမရဘူး။ ရွာမှာဆိုရင် ဆီတစ်ဗူးကို အရင်ကတစ်ထောင်ဆိုရင် အခုကတစ်ထောင့်ငါးရာလောက်ဖြစ်သွားတယ်။ ဖုန်းဘေဆိုလည်း တစ်ထောင်ကို တစ်ထောင့်ငါးရာဖြစ်သွားတယ်။ လက်လုပ်လက်စားလူတွေက အကျပ်အတည်းဒုက္ခဖြစ်တယ်။ ရေရှည်မှာဆိုရင် ပြတ်တောက်သွားမှာကိုစိုးရိမ်နေရတယ်” ဟု ဦးမောင်ထွန်းယဉ်က ပြောသည်။

လက်ရှိတွင် ရင်းချောင်းကျေးရွာအနီးအနားတွင် ရှိသည့် မင်းဇီချောင်း၊ ကြိမ်ချောင်း စသည့်ကျေးရွာများ တွင်လည်း ကုန်စည်များပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း ဦးမောင်သန်းယဉ်က ဆက်လက်ပြောကြားသည်။

အလားတူ ကျောက်တော်မြို့နယ်က ကျေးရွာများတွင်လည်း ကားများအသွားအလာမရှိသဖြင့် မြို့ပေါ်သို့သွား၍ ဈေးမဝယ်ရသည်မှာ နှစ်ပတ်လခန့်ရှိနေပြီးဖြစ်ကာ လက်ကျန်ပစ္စည်းများကို ဈေးတင်ရောင်းခြင်းများ ဖြစ်ပေါ် နေသည်ဟု အုံးပတီးကျေးရွာမှ ဦးနေမင်းထွန်းမှ ပြောသည်။

“ဈေးဝယ်ဖို့အတွက် ကားတွေမထွက်လို့ရှိရင် ဈေးဝယ်လို့မရဘူး။ ကားသမားတွေလည်း စစ်တွေမြို့ကိုသွားလို့ ရွာကိုပြန်ရောက်ရင် Quarantine ဝင်ရမှာဖြစ်တဲ့အတွက် ကားသမားတွေ တစ်ယောက်မှ မသွားကြတော့ဘူး” ဟု ဦးနေမင်းထွန်းက ပြောသည်။

စစ်တွေမြို့သို့ တခြားမြို့နယ်များကလာရောက်ပါက အသွားအလာစောင့်ကြည့်ခြင်း Quarantine ဝင်ရမှာ ဖြစ်သဖြင့် စစ်တွေမြို့ကိုအားထားကာ ဈေးဝယ်နေရသည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များမှ ကျေးလက်နေပြည်သူများမှာ ဈေးဝယ်ရန်အခက်အခဲများ ဖြစ်ပေါ်နေကြသည်။

ရခိုင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှု မရှိ စေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာရောင်းဝယ်နိုင်ရေးအတွက် (ကုန်သည်စက်မှုအသင်းချုပ်) UMFCCI နှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(CCI)တို့မှ လက်တွေ့ ကြိုးပမ်း ဆောင်ရွက်ရေးဆွေးနွေးပွဲကို ယမန်နေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် သြဂုတ်လ ၂၈ ရက်နေ့ကပြုလုပ်ခဲ့သည့် အွန်လိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ရိက္ခာမပြတ်စေရကြောင်း ပြောဆိုခဲ့သည်။

ဗီဒီယိုများ