ခရီးသွားရာသီရောက်သော်လည်း ရခိုင်မှ ဟိုတယ်နှင့်ဧည့်ရိပ်သာ ၃၀ ကျော်ခန့် ပြန်မဖွင့်နိုင်သေး

ယခုနှစ်ခရီးသွားရာသီသို့ရောက်ရှိလာသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၁၀၀ လုံးအနက် ၆၆ လုံးသာဖွင့်လှစ်နိုင်သေးပြီး ၃၀ ကျော်ခန့်မှာ လက်ရှိအချိန်ထိ ပြန်မဖွင့်လှစ်နိုင်သေးကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

24 Nov 2021

DMG ၊ နိုဝင်ဘာ ၂၄

ယခုနှစ်ခရီးသွားရာသီသို့ရောက်ရှိလာသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၁၀၀ လုံးအနက် ၆၆ လုံးသာဖွင့်လှစ်နိုင်သေးပြီး ၃၀ ကျော်ခန့်မှာ လက်ရှိအချိန်ထိ ပြန်မဖွင့်လှစ်နိုင်သေးကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသော်လည်း ပိုင်ရှင်များအနေဖြင့် ငွေကြေးအခက်အခဲနှင့် ခရီးသွားဧည့်သည်မလာရောက်မှုမည်ကို စိုးရိမ်နေကြကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

“ဟိုတယ်တွေက တစ်နှစ်၊ နှစ်နှစ်လောက်ပိတ်ထားလိုက်ရတော့ ပြန်လည်ပြုပြင်ရမယ့်အပိုင်းတွေ အများကြီးရှိတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေရောပေါ့။ တချို့ကျတော့လည်း ဧည့်သည်တွေမလာမှာကိုစိုးရိမ်တာ၊ ဟိုတယ်ဖွင့်ပြီဆိုတာနဲ့ ဝန်ထမ်းတွေကို ပြန်ခန့်ရတော့မယ့်ကိစ္စ။ ဒီလိုအခြေအနေမျိုးကိုရောက်မှ တစ်ခုခုကြောင့် ပြန်ပိတ်သွားရမလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေကြတယ်“ ဟု ဦးတင်ထွန်းအောင်ကဆိုသည်။

လက်ရှိမဖွင့်လှစ်နိုင်သေးသည့် ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၃၄ လုံးတွင် ရခိုင်ပြည်နယ် ငပလီကမ်းခြေမှ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ အများစုပါဝင်ကြောင်း သိရသည်။

ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများကို တစ်နှစ်ခန့်ကြာယာယီပိတ်ထားခဲ့ရပြီး လက်ရှိမှာ ကိုဗစ်စည်းကမ်းနှင့်အညီ ဟိုတယ်နှင့်အဆင့်မြင့်ဧည့်ရိပ်သာ ၆၆ လုံးကို ပြန်လည်ဖွင့်လှစ်ထားသည်။

“ဟိုတယ်တွေက ဝင်ငွေပိုရတဲ့ နိုင်ငံခြားသားဧည့်သည်တွေကို အဓိကထား ဝန်ဆောင်မှုပေးတာဖြစ်တယ်။ အခုနှစ်မှာတော့ နိုင်ငံခြားဧည့်သည်တွေဝင်ရောက်မှု အလွန်နည်းတဲ့အတွက် ပြန်မဖွင့်လှစ်နိုင်သေးဘူး“ဟု ငပလီကမ်းခြေမှ ဟိုတယ်ပြန်မဖွင့်နိုင်သေးသည့် ဟိုတယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဟိုတယ်များကိုဖွင့်လှစ်ထားသော်လည်း ယခင်ကဲ့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်တည်းခိုမှုမရှိကြောင်း ငပလီကမ်းခြေရှိ ဌေးဌေး ဟိုတယ်နှင့်စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးသက်ကပြောသည်။

“တည်းခိုခန်းကိုဖွင့်ထားတယ်။ ခရီးသွားရာသီရောက်ပေမယ့်လည်း Local ခရီးသည်တွေလောက်ပဲရောက်တယ်။ နိုင်ငံခြားသားတွေမရောက်ဘူး။ နေ့တိုင်းရောက်တာတော့မဟုတ်ဘူး တန်းဆောင်တိုင်နဲ့ သီတင်းကျွတ်လတွေဆိုရင် ခရီးသွားဧည့်သည်တွေအလာများတယ်။ အခုဆိုရင် စနေ၊ တနင်္ဂနွေရက်တွေလောက်ပဲ ဧည့်သည်နည်းနည်းလာတယ်“ဟု ၎င်းကဆိုသည်။

လက်ရှိခရီးသွားရာသီရောက်ရှိလာသော်လည်း ရခိုင်ပြည်သို့ ပြည်ပခရီးသွားဧည့်သည်လာရောက်မှုမှာ အလွန်နည်းပါးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရသိရသည်။

ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ရခိုင်ပြည်သို့လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်ဦးရေ ၃၉၆၄၃ ရှိသည့်အနက် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ ၄၉၂ ဦးသာရှိကြောင်း သိရသည်။

ခရီးသွားလာရောက်များသည့် မြောက်ဦးမြို့တွင်လည်း ယခုနှစ်ခရီးသွားရာသီတွင် ပြည်တွင်းခရီးသည်များသာလာရောက်မှုရှိကြေူင်း မြောက်ဦးရွှေသဇင်ဟိုတယ်မှ တာဝန်ရှိသူ မလှယဉ်ဌေးကပြောသည်။

“အခုတော့ ခရီးသည်တွေလာရောက်တာ နည်းနည်းပါးပါးရှိနေပြီ။ နိုင်ငံခြားသားက တစ်ယောက်မှမရောက်ဘူး။ ကိုယ့်ရခိုင်ပြည်က စစ်တွေ၊ ကျောက်တော် တခြားမြို့တွေကသူတွေပဲ အများကြီးလာကြတယ်“ဟု ဆိုသည်။

တိုက်ပွဲဒဏ်၊ ကိုဗစ်လှိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်က ဟိုတယ်နှင့် တည်းခိုခန်းများမှာ လက်ရှိအချိန်ထိ ခရီးသွားဧည့်သည်ဝင်ရောက်မှုနည်းပါးသဖြင့် ရုန်းကန်ရပ်တည်နေရပြီး ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေသည့် ဒေသခံများမှာလည်း အလုပ်အကိုင်အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်။

ဗီဒီယိုများ