ကျိုက်ထိုမြို့နယ်တွင် အသံတိတ်သပိတ်ပါဝင်သည်ဟုဆိုကာ ရွှေဆိုင်ပိုင်ရှင်တစ်ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အသံတိတ်သပိတ်ပါဝင်သည်ဟုဆိုပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ည ၉ နာရီခွဲအချိန်၌ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီအဖွဲ့မှ ဧည့်စာရင်းစစ်ဆေးကာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

04 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အသံတိတ်သပိတ်ပါဝင်သည်ဟုဆိုပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ည ၉ နာရီခွဲအချိန်၌ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီအဖွဲ့မှ ဧည့်စာရင်းစစ်ဆေးကာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ရွှေဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ "ဒေါ်ဝင်းစိုး" ဆိုသူဖြစ်ပြီး ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ ဘူတာလမ်းတွင် နေထိုင်သူတစ်ဦးလည်းဖြစ်သည်။

ရွှေဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ဝင်းစိုးဆိုသူကို နေအိမ်သို့ စစ်ကောင်စီအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဧည့်စာရင်းစစ်ဆေးရင်း အသံတိတ်သပိတ်တွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သူမနှင့်အိမ်နီးချင်းတစ်ဦးမှ DMG ကို ပြောသည်။

"ညပိုင်းကြီးအိမ်ကို ဧည့်စာရင်းစစ်မယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကော ရဲတွေကော စစ်သားတွေက လာတယ်။ ပြီးတော့ အဒေါ့်ကို ဖမ်းသွားတယ်။ အသံတိတ်သပိတ်မှာ ပါဝင်တယ်လို့ ပြောသွားတယ်။" ဟု ပြောသည်။

ဒေါ်ဝင်းစိုးကို စစ်ကောင်စီအဖွဲ့မှ မည်သည့်နေရာသို့ ခေါ်ဆောင်ကာ ထိန်းသိမ်းထားခြင်းမသိရသေးကြောင်း သူမနှင့်နီးစပ်သူ မိသားစုဝင်များမှ ဆိုသည်။

ယမန်နေ့ ည ၉ နာရီခွဲအချိန်တွင်လည်း စစ်ကားသုံးစီး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကျိုက်ထိုမြို့အတွင်းရှိ ရပ်ကွက်နေအိမ်များသို့ ဧည့်စာရင်းစစ်ဆေးခြင်းများရှိခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာမှ အသံတိတ်သပိတ် ပါဝင်သူများကို စစ်ကောင်စီအဖွဲ့မှ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးမှ ဆိုသည်။

"ညတိုင်း ဧည့်စာရင်းစစ်တာတွေတော့ရှိတယ်။ အိမ်မှာက မိန်းကလေးတွေချည်းဆိုတော့ သတိထားနေရတယ်ပေါ့။ အသံတိတ်သိပ်မှာပါတဲ့ သူတွေကိုတော့ လိုက်ပြီး အရေးယူမယ်လို့တော့ ကြားသိရပါတယ်။ အဲတာကြောင့် ဖြစ်နိုင်ဖို့တော့ရှိပါတယ်။" ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျိုက်ထီးရိုးဆံတော်ရှင် စေတီရင်ပြင်တော်ရှိ ရွှေသင်္ကန်းများ ရောင်းချနေသူ လေးဦးကို ရင်ပြင်တော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ဆောင်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံရေးပုဒ်မ ၅၀၅ -က ဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၃၀ ဦးထက်မနည်းရှိနေပြီး လက်ရှိအချိန်အထိ ကျိုက်မရော အထူးအကျဉ်းထောင်တွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဗီဒီယိုများ