ရခိုင်တွင် သုံးလအတွင်း ဥပေဒမဲ့သတ်ဖြတ်ခံရသူ အယောက်၂၀ ကျော်ရှိကြောင်း မျိုးဆက်လှိုင်းအဖွဲ့ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ယခု ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ၃ လအတွင်း၌ ဥပေဒမဲ့သတ်ဖြတ်ခံရသည့်အတွက် သေဆုံးသူ ၂၁ ဦးရှိကြောင်း မျိုးဆက်လှိုင်း (Generation Wave)အဖွဲ့ထံမှ သိရသည်။

By မင်းထွန်း 23 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ယခု ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ၃ လအတွင်း၌ ဥပေဒမဲ့သတ်ဖြတ်ခံရသည့်အတွက် သေဆုံးသူ ၂၁ ဦးရှိကြောင်း မျိုးဆက်လှိုင်း (Generation Wave)အဖွဲ့ထံမှ သိရသည်။

အဆိုပါဖော်ပြမှုကို ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသော မျိုးဆက်လှိုင်း (Generation Wave)၏ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ ချိုးဖောက်ခံရမှုဆိုင်ရာ အစီရင်ခံစာတွင် ပါရှိနေခြင်းဖြစ်သည်။

၃ လအတွင်းတွင် မြန်မာနိုင်ငံ၌ ဥပေဒမဲ့သတ်ဖြတ်ခံရသူ ၄၆ ရှိခဲ့ပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်၌ ၂၁ ဦး၊ ရှမ်းပြည်နယ်တွင် ၁၅ ဦး၊ ကရင်ပြည်နယ်တွင် ၁ ဦး၊ မန္တလေးတိုင်းတွင် ၃ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၁ ဦးတို့ဖြစ်ကြောင်း မျိုးဆက်လှိုင်းအဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရခိုင်ပြည်နယ်သည် ဥပေဒမဲ့သတ်ဖြတ်ခံရမှု အများဆုံးဖြစ်နေသည်။ ယင်းကဲ့သို့ ဥပေဒမဲ့သတ်ဖြတ်ခံရခြင်းများသည် စစ်ပွဲများ၏ နောက်ဆက်တွဲဖြစ်ကြောင်း မျိုးဆက်လှိုင်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူး မအိအိမိုးက ပြောသည်။

“ရခိုင်ဒေသမှာဆိုရင် စစ်ပွဲတွေလည်းဖြစ်နေတယ်၊ ပဋိပက္ခတွေလည်း အများကြီးဖြစ်နေတယ်၊ လက်ရှိလည်း ဖြစ်နေတုန်းပဲ။ အဲတာကြောင့် နိုင်ငံရေးအခြေအနေ ဒီလိုမျိုးဖြစ်ပွားနေတဲ့ အခြေအနေမှာ လုံခြုံရေးအကြောင်းပြပြီး ဖမ်းဆီးတာမျိုးတွေ၊ နောက် ဥပဒေမဲ့သတ်ဖြတ်တာမျိုးတွေ၊ အထူးသဖြင့် စစ်ပွဲတွေရဲ့ နောက်ဆက်တွဲလို့ သုံးသပ်ရတယ်” ဟု သူကဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “အဓိကတော့ တိုက်ပွဲ ဖြစ်နေလို့ ဖြစ်တယ်။ တိုက်ပွဲအတွင်းမှာ အပြစ်မဲ့ပြည်သူတွေ မတရားအသင်းနဲ့ဆက်သွယ်တယ်ဆိုပြီး ပုဒ်မတွေ တပ်ခံရတာတွေရှိတယ်။ တိုက်ပွဲမရှိတော့ဘူးဆိုရင်တော့ ဒီလိုကိစ္စတွေ နည်းသွားမယ်။ စစ်ဖြစ်တဲ့နေရာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုပြီးတော့တွေ့ရတယ်။ ဆိုတော့ တရားဥပဒေစိုးမိုးမှုက အရေးကြီးတယ်၊ လူ့အခွင့်အရေးချိုးဖောက်ရင်လည်း ဥပဒေအတိုင်း အရေးယူဖို့လိုအပ်တယ်။ ဒါမှလည်း အဲလိုကိစ္စတွေ လျော့နည်းသွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

ဥပဒေမဲ့သတ်ဖြတ်မှု ဖြစ်စဉ်များအား ကျုးလွန်ကြသူများမှာ စစ်တပ်မှ ၁၇ ခု၊ တိုင်းရင်းသားလက်နက်ကိုင်မှ ၂ ခု၊ ရဲမှ ၃ ခု၊ အစိုးရဝန်ထမ်းမှ ၁ ခု၊ လက်သည်မပေါ်သည့် ကျုးလွန်မှု ၁၀ ခုရှိကြောင်း မျိုးဆက်လှိုင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၁၂၄ ဦးရှိပြီး ယင်းအထဲတွင် ရခိုင်၌ဖြစ်ပွားနေသည့် ပဋိပက္ခ များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ဒေသအသီးသီးမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂၃ ဦး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ ၈ ဦး၊ နိုင်ငံရေးပါတီဝင် ၂ ဦး၊ သတင်းဆရာ ၁ ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်းကို တွေ့ရှိရကြောင်း ယင်းအဖွဲ့ကဆိုသည်။

မတရားဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ထောင်ဒဏ်အပြစ်ပေးခြင်းတို့ကို ပြုလုပ်သူများမှာ စစ်တပ်မှ ၃၃ မှု၊ အစိုးရမှ ၂ မှု၊ ရဲမှ ၅ မှု၊ တိုင်းရင်းသားလက်နက်ကိုင်မှ ၅ မှု၊ တခြား ၂ မှုတို့တွေ့ရှိရကြောင်း မျိုးဆက်လှိုင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ လွတ်လပ်စွာသွားလာခွင့် တားဆီးပိတ်ပင်ခံခဲ့ရသူများမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၃၉ ဦး၊ ကလေး ၄ ဦးအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ