ရွှေတစ်ကျပ်သားကို ကျပ်(၂၇)သိန်းကျော်အထိ စံချိန်တင်မြင့်တက်

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရွှေဈေးနှုန်းမှာလည်း တဟုန်းထိုးမြင့်တက်လျက်ရှိပြီး ယနေ့(သြဂုတ်လ ၁၃ ရက်) ရွှေဈေးနှုန်းမှာ အခေါက်ရွှေ(၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ် ၂၇၅၀၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

13 Aug 2022

DMG ၊ သြဂုတ် ၁၃

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရွှေဈေးနှုန်းမှာလည်း တဟုန်းထိုးမြင့်တက်လျက်ရှိပြီး ယနေ့(သြဂုတ်လ ၁၃ ရက်) ရွှေဈေးနှုန်းမှာ အခေါက်ရွှေ(၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ် ၂၇၅၀၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် (၁၅)ပဲရွှေ တစ်ကျပ်သားကို ၂၅ သိန်းကျော်နှင့် (၁၂)ပဲရွှေ တစ်ကျပ်သားကို ၁၉ သိန်းဝန်းကျင်အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့ ပွင့်သစ်စရွှေဆိုင်ပိုင်ရှင် ဦးသာထွီးစိန်က “မနေ့ကတော့ ၂၆ သိန်းကျော် အစွန်းရှိခဲ့တယ်။ ဒီနေ့တော့ တစ်သိန်းကျော်တက်သွားပါတယ်။ အဓိကတော့ ဒေါ်လာဈေးတက်လို့ ရွှေဈေးနှုန်းတွေလည်း တက်လာတာဖြစ်ပါတယ်။ ဒီနေ့ဒေါ်လာဈေးက တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃၀၀၀ နီးပါးရှိနေတယ်လို့သိရပါတယ်။ အခုလို ဒေါ်လာဈေးတက်ရင် ရွှေဈေးလည်းဆက်တက်နေအုံးမှာပါ”ဟု ပြောသည်။

ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့်ဇူလိုင်လကုန်အထိ အခေါက်ရွှေ (၁၆)ပဲ တစ်ကျပ်သားကို ၂၃ သိန်းရှိခဲ့ရာကနေ ယခုသြဂုတ်လအတွင်းမှာပင် တစ်နေ့ထက်တစ်နေ့ ဈေးနှုန်းတဖြည်းဖြည်း မြင့်တက်လာနေပြီး လက်ရှိတွင် ၂၇ သိန်း ငါးသောင်းကျော်အထိ ရှိလာနေခြင်းဖြစ်သည်။

ထိုသို့ ရွှေဈေးနှုန်းမြင့်တက်နေမှုကြောင့် ရွှေအရောင်းအဝယ်ထိုင်းခြင်း၊ ရွှေထည်လာအပ်သူများကိုလည်း လက်မခံဘဲ ရပ်ဆိုင်ထားရပြီး ရောင်းအားပါကျဆင်းကာ ရွှေပေါင်နှံသူများပြားလာနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

အမည်မဖော်လိုသူ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ရွှေဈေးတက်တော့ ကျနော်တို့မှာ အရောင်းအဝယ်မဖြစ်ဘူး။ ဒီတစ်ပတ်အတွင်းမှာဆိုရင် အရမ်းနည်းသွားပါတယ်။ ရွှေဈေးကိုတော့ မေးကြတယ်။ ဈေးအရမ်းတက်သွားတယ်ဆိုပြီး ပြန်လှည့်သွားတဲ့ customer တွေလည်းရှိတယ်။

အပ်ထည်တွေဆိုရင်လည်း လက်မခံဘဲနဲ့ ဆိုင်းငံ့ထားရပါတယ်။ အရင်ကတစ်ရက်ကို ဝယ်မဲ့သူ ၁၀ ယောက်ရောက်တယ်ဆိုရင် အခုတစ်ရက်မှာ တစ်ယောက်ရောက်ဖို့တောင် မလွယ်တော့ဘူး”ဟု ပြောသည်။

စစ်ကောင်စီက အခေါက်ရွှေ(၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ် ၂၁ သိန်းသာ သတ်မှတ်ပေးထားသော်လည်း ဈေးလာဈေးမြင့်တက်နေသည့်အတွက် ပြင်ပရွှေဈေးကွက်တွင် ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်နေဆဲဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များကပြောဆိုကြသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၃၀၁၀ ကျပ်ရှိပြီး အခေါက်ရွှေဈေးတစ်ကျပ်သားကို ၂၇ သိန်းကျော်အထိ ဈေးမြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းနေသည်။

စစ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေး၊ စက်သုံးဆီဈေးအပါအဝင် အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများမှာ တစ်စစမြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲကြုံနေကြရကြောင်း သိရသည်။

ဗီဒီယိုများ