ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားဟုဆို

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားနေ၍ ကုန်စည်စီးဆင်းမှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများအသင်းမှ သိရသည်။

By ဉာဏ်ဟိန်း 17 Sep 2020

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားနေ၍ ကုန်စည်စီးဆင်းမှု ၈၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများအသင်းမှ သိရသည်။

“အခုလို ကုန်စည်စီးဆင်းမှု လျော့နည်းသွားတော့ အခက်အခဲ အများကြီးရှိနိုင်တယ်။ ရခိုင်ပြည်ကို ကုန်စည်တွေ ပို့နေတာက ရေလမ်းနဲ့ကုန်လမ်း နှစ်ခုပဲရှိတယ်။ အခုလို အခြေအနေမျိုးနဲ့ဆိုရင် ရေလမ်းရော၊ ကုန်လမ်းပါ ပိတ်ထားတဲ့အတွက် နောက်တစ်ပတ်လောက်ဆိုရင် ကုန်စည်ပြတ်လပ်တာတွေ၊ ရှားပါးတာတွေ ဖြစ်လာနိုင်တယ်” ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းများအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက DMG သို့ ပြောသည်။

ထိုသို့ ကုန်စည်များလျော့ကျနေ၍ ကုန်စည်ပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်သည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရန်  တင်ပြထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆက်၍ဆိုသည်။

“အခုဆိုရင် ကျနော်တို့မှာ ကုန်ပစ္စည်းရောင်းဝယ်ရေးတွေမှာ အရှုံးပေါ်တယ်။  ကုန်လမ်းတွေပိတ်ထားတဲ့ အတွက် ကုန်ပစ္စည်းရောက်တာကလည်း နောက်ကျတယ်။ ဝယ်သူတွေလည်း မရောက်ဘူး။ ကုန်စည်နှုန်းတွေကလည်း တက်လာတယ်။ အရင်နဲ့စာရင်တော့  ရောင်းအားတဝက်လောက် လျော့ကျသွားတယ်” ဟု စစ်တွေ မြို့မဈေးတွင် ကုန်စုံဆိုင်ရောင်းချနေသူ ဦးမောင်လှသိန်းက ပြောသည်။

ရခိုင်တွင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပေါ်နေချိန် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရန် အစိုးရအနေဖြင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့သင့်ကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ(REIC)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

“ဒီဟာကို နည်းနည်းကြိုတင်မြင်ပြီးတော့ ပြည်နယ်အစိုးရရော၊ ကုန်သည်အသင်းနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်ပြီးတော့ စီစဉ်ထားဖို့လိုတယ်။ အဲဒီလို မပြင်ဆင်ရင် ရခိုင်ပြည်နယ်ရဲ့ ကုန်စည်အခြေနေက တော်တော်ကို ဆိုးသွားနိုင်တယ်” ဟု ၎င်းကဆက်၍ဆိုသည်။

ကုန်လမ်း၊ ရေလမ်းများပိတ်ပင်ထားသည့်အတွက် ကုန်စည်စီးဆင်းမှု လျော့ကျမသွားစေရန် မည်သို့ဆောင်ရွက် နေသည်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်အား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဗီဒီယိုများ