ရခိုင်က စစ်ရှောင်စခန်းအချို့တွင် အစိုးရနှင့် ICRC တို့ပူးပေါင်းပြီး မိုင်းအန္တရာယ်အသိပညာပေး

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရနှင့် ICRC တို့ပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

By ဉာဏ်ဟိန်း 22 Jan 2021

ဉာဏ်ဟိန်း | DMG
ဇန်နဝါရီ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရနှင့် ICRC တို့ပူးပေါင်းပြီး မိုင်းအန္တရာယ် အသိပညာပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြောက်ဦးမြို့နယ်ရှိ နရတ်စားဘုရားသိမ်စစ်ဘေးရှောင်စခန်း၊ မြတန်းစောင်းစစ်ဘေးရှောင်စခန်း၊ ရွှေထီးဆောင်း စစ်ဘေးရှောင်စခန်းတို့တွင် မိုင်းအန္တရာယ်နှင့်ပတ်သက်ပြီး ရှောင်ရှားရန် အသိပညာပေးမှုများကို ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြတန်းစောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်ရွှေသာက “ကျနော်တို့ကို မိုင်းနဲ့ပတ်သက်ပြီးတော့ မိုင်းအန္တရာယ်တွေကိုရှင်းပြတယ်။ နောက်ပြီးတော့ မိုင်းအန္တရာယ်ရှိတာရယ်၊ မိုင်းရဲ့အကျိုးဆက်တွေကို ပြောပြ ခဲ့တယ်။ လက်ကမ်းစာစောင်တွေပေးခဲ့တာတော့မရှိဘူး။ သူတို့ဗီနိုင်းထောင်ပြီးတော့ပြသွားတာ” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ မိုင်းအန္တရာယ်အပေါ်စိုးရိမ်မှုများရှိနေကြပြီး နေရပ်ပြန်နိုင်ရန်အတွက် စစ်ကျန်လက်နက် များကို ရှင်းလင်းပေးရန် လိုလားနေကြသည်။

“ကျွန်တော်တို့က မရှိဆင်းရဲမှုနဲ့ လုပ်စားရတဲ့သူတွေဖြစ်တယ်။ တောတောင်ကိုသွားလို့ မိုင်းထိတဲ့သူ၊ သေတဲ့သူ တွေကို မျက်စိရှေ့မှာမြင်နေရတယ်။ ဒါကြောင့် တောတောင်တွေကို မှီခိုလုပ်စားနေတဲ့ ကျွန်တော်တို့အတွက် မိုင်းတွေကိုရှင်းလင်းလို့ပြီးပြီ၊ ကိုယ့်ဌာနေကို ယုံယုံကြည်ကြည်ပြန်လို့ရပြီဆိုမှ ကျွန်တော်တို့ပြန်နိုင်မယ်” ဟု မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာမှ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဦးလပြည့်အောင်က DMG သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်းက မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ် ၅၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၉ ဦးရှိခဲ့သည်။ ၂၀၂၀ ခုနှစ်အတွင်းတွင် မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုဖြစ်စဉ် ၆၁ ကြိမ်အထိရှိခဲ့ပြီး သေဆုံးသူ ၄၅ ဦးနှင့် ဒဏ်ရာရရှိသူ ၈၉ ဦးအထိ တိုးလာခဲ့ကြောင်း အစိုးရ၏စာရင်းများအရ သိရသည်။

ယင်းအထဲတွင် ကလေးသူငယ်ထိခိုက်ခံစားရသည့် အရေအတွက်မှာ ၂၀၁၉ ခုနှစ်တွင် ၁၇ ဦးနှင့် ၂၀၂၀ ပြည့် နှစ်တွင် ၆၄ ဦးအထိ မြင့်မားလာသည်ကိုတွေ့ရကြောင်းဆိုသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် လုပ်ဆောင်နေကြောင်းပြောသည်။

“လောလောစဉ်ကတော့ ကျနော်တို့ USAID က ထောက်ပံ့ငွေနဲ့ မြို့နယ်(၆)မြို့နယ်မှာ မိုင်းအန္တရာယ်အသိပေး လုပ်ငန်းတွေ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေနေတယ်။ အဲဒီ(၆)မြို့နယ်က စစ်ဘေးသင့်ကျေးရွာတွေ၊ တခြား စစ်ဘေးရှောင်စခန်းက လူဦးရေ(၆၀၀)ကို စာရွက်၊ စာတန်းတွေပေးတယ်။ အဲဒီ(၆၀၀)က တစ်ယောက်ကို ၁၀ ယောက်နှုန်းနဲ့ ဆင်းပွားသင်တန်းတွေပေးတယ်” ဟု REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ပြီး လုံခြုံအေးချမ်းစွာဘဝရပ်တည်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းရေးကို အထူးဂရုစိုက်ဆောင်ရွက်ပေးရေးအဆိုကို ပြည်နယ်လွှတ်တော်က အတည်ပြုထားသည်။

ထိုသို့ မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တပ်နေရာချထားရေးကိစ္စကို စာချုပ်စာတန်းဖြင့် သဘောတူညီလက်မှတ်ထိုးပြီးလျှင် မိုင်းရှင်းလင်းရေးကို တပ်မတော်မှတာဝန်ယူပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောကြားခဲ့သည်။

လက်ရှိတိုက်ပွဲများ ရပ်တန့်နေသဖြင့် စစ်ဘေးရှောင်အချို့နေရပ်ပြန်မှုများရှိသော်လည်း အများစုမှာ မိုင်းအန္တရာယ်အပြင် အခြားသောစိုးရိမ်ချက်များကြောင့် နေရပ်မပြန်နိုင်ကြသေးပေ။

ဗီဒီယိုများ