ကျောက်တော်တွင် လက်နက်ကြီးကျ၍ မွတ်ဆလင်တစ်ဦးဒဏ်ရာရ၊ နေအိမ်လေးလုံးပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုတ်ပီထောင့်ကျေးရွာတွင် ယမန်နေ့(အောက်တိုဘာ ၁၁ ရက်)က ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မွတ်ဆလင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လေးလုံးပျက်စီးသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

By နှင်းနွယ် 12 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၁၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုတ်ပီထောင့်ကျေးရွာတွင် ယမန်နေ့(အောက်တိုဘာ ၁၁ ရက်)က ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မွတ်ဆလင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လေးလုံးပျက်စီးသွားကြောင်း ကျေးရွာသားများထံမှ သိရသည်။

စစ်တွေမြို့နယ်မှ ကျောက်တော်မြို့နယ်သို့ ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာသည့် တပ်မတော် ရေယာဉ်မှ မြစ်ကြောင်းတစ်လျှောက်ပစ်ခတ်ရာမှာ ဂုတ်ပီထောင့်ကျေးရွာအတွင်း လက်နက်ကြီးကျရောက် လာခြင်းဖြစ်သည်ဟု ဂုတ်ပီထောင့်ကျေးရွာ မွတ်ဆလင်အုပ်စုတာဝန်ခံ ဦးဘစိန်က DMG သို့ ပြောသည်။

“တပ်မတော်ရေယာဉ်က လက်နက်ကြီးတွေနဲ့ပစ်တော့ တစ်ရွာလုံး ဗုံးခိုကျင်းထဲမှာ ပုန်းတဲ့လူပုန်း၊ အိမ်အောက် မှာဆင်းဝပ်တဲ့သူဝပ် အကုန်လုံးကြောက်ပြီး ပုန်းနေကြတာ။ အခုဒဏ်ရာရတဲ့သူက အိမ်အောက်က မြေပြင်မှာ ဝပ်ပြီးပုန်းနေတာ။ အဲဒီအချိန်မှာ လက်နက်ကြီးက သူ့အိမ်ခေါင်မိုးကို ကျရောက်ပေါက်ကွဲပြီးတော့ သူ့ကို သွားထိတာ။ ကျနော်တို့ရွာက မြစ်နဲ့နီးတော့ တပ်မတော်ရေယာဉ်ကပစ်တာကို အမြဲခံရတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဂုတ်ပီထောင့်ကျေးရွာ၊ မွတ်စလင်အုပ်စုမှ ကိုမာမောက်ကာသီး (၂၂)နှစ်တွင် ညာဘက်တင်ပါး၌ ကျည်စထိမှန်သွားကာ ကျေးရွာ၌ဆေးကုသမှုခံယူနေရကြောင်း ဦးဘစိန်က ဆက်ပြောသည်။

ယင်းအပြင် လက်နက်ကြီးကျရောက်မှုကြောင့် ဂုတ်ပီထောင့်ကျေးရွာမှ နေအိမ်(၃)ဆောင်လည်း ပျက်စီးသွား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (အောက်တိုဘာ ၁၂ ရက်)နံနက်ပိုင်းကလည်း ပစ်ခတ်မှုများရှိခဲ့သဖြင့် နေအိမ်တစ်လုံး ထပ်မံပျက်စီး သွားကြောင်း ဂုတ်ပီထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်လှက ပြောသည်။

“မြစ်ကြောင်းတစ်လျှောက် ပစ်လာပြီးတော့ ကျနော်တို့ရွာနားရောက်တာနဲ့ ဖြည်းဖြည်းချင်းသွားပြီးပစ်တယ်။ လက်နက်ကြီးကတော့ ရွာထဲကိုကျတာအများကြီးပဲ။ အိမ်တွေပြိုသွားတယ်။ ဒီနေ့မနက်ကလည်း တပ်မတော် ရေယာဉ် ပြန်ဆင်းတဲ့အချိန်ပစ်သွားတာ ရွာထဲကအိမ်တစ်ဆောင် ခေါင်မိုးနှစ်ပိုင်းပိုင်းသွားတယ်။ တချို့ အိမ်တွေဆိုရင် လူနေလို့မရတော့အောင်ထိ လုံးဝပျက်စီးသွားတာ’’ ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ်ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ကျောက်တော်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်ရေယာဉ်မှ ကုလားတန် မြစ်ကြောင်း အတက်အဆင်း၌ အကြောင်းမဲ့ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

တပ်မတော်ရေယာဉ်မှ အကြောင်းမဲ့ပစ်ခတ်ခြင်းမဟုတ်ဘဲ ရေယာဉ်များ ပစ်ခတ်ခံရသည့်အတွက် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ပြန်လည်ခုခံပစ်ခတ်ရခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်ကြောင့် ဒဏ်ရာရရှိခဲ့သူ စုစုပေါင်း(၂၀၈)ဦးထိရှိကြောင်း Center for Rural Research and Development(CRRD)အဖွဲ့၏စာရင်းအရသိရသည်။

ဗီဒီယိုများ