စစ်တွေမြို့ရှိ ရွှေပြည်သာတိုက်တန်းမှ တိုက်ခန်းအချို့ကို စစ်တပ်နှင့်ရဲက ဧည့်စာရင်းဝင်စစ်

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အနီးရှိ ရွှေပြည်သာတန်ဖိုးနည်းတိုက်တန်းမှ တိုက်ခန်းအချို့ကို ယမန်နေ့(ဩဂုတ်လ ၁၈ ရက်) ည ၉ နာရီခွဲအချိန်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

19 Aug 2022

စစ်တွေမြို့၊ ရွှေပြည်သာတိုက်တန်းကို တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၁၉

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အနီးရှိ ရွှေပြည်သာတန်ဖိုးနည်းတိုက်တန်းမှ တိုက်ခန်းအချို့ကို ယမန်နေ့(ဩဂုတ်လ ၁၈ ရက်) ည ၉ နာရီခွဲအချိန်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့ ဧည့်စာရင်းလာရောက်စစ်ဆေးရာတွင် စစ်တပ်နှင့်ရဲအင်အား ၁၀ ကျော်ပါဝင်ပြီး တိုက်ခန်းအောက်တွင်လည်း စစ်တပ်နှင့်ရဲအင်အား ၁၀၀ ကျော် ဝိုင်းထားသည်။ မည်သည့်အတွက်ကြောင့် ဧည့်စာရင်းလာရောက်စစ်ဆေးသည်ကို ပြောကြားခြင်းမရှိဘဲ ည ၁၂ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါတိုက်တန်းတွင်နေထိုင်သူတစ်ဦးက DMG သို့ပြောသည်။

“ည ၉ နာရီခွဲအချိန်လောက်မှာ သူတို့တံခါးကို လာခေါက်တယ်။ ပြီးရင် ဧည့်စာရင်းလာစစ်ဆေးတာလို့ပြောတယ်။ ဘယ်ကလဲ။ ဘာအလုပ်လုပ်လဲ မေးတယ်။ ဧည့်စာရင်းမတိုင်ရသေးရင် တိုင်ရမယ်ပြောတယ်။ အမည်တွေ မှတ်ယူသွားတယ်။ ဓာတ်ပုံတွေ လည်း ရိုက်ယူသွားတယ်။ ဘာလို့လဲတော့ မသိဘူး”ဟု သူကပြောသည်။

ထိုသို့ ရုတ်တရက်ဝင်ရောက်ပြီး ဧည့်စာရင်းစစ်ဆေးသဖြင့် ဒေသခံများ စိုးရိမ်မှုဖြစ်ပေါ်ခဲ့ကြောင်းဆိုသည်။

“သူတို့က စစ်ဆေးနေတဲ့အချိန်အတွင်းမှာ မယုံသင်္ကာ မျက်လုံးတွေနဲ့ကြည့်နေတာ။ ပြီးရင် ကျမတို့က မိန်ကလေးတွေပဲ ဆိုတော့ စစ်ဆေးခံရမှာ၊ မေးမြန်းခံရမှာတွေ စိုးရိမ်တယ်။ ခိုးဝှက်လုယှက်မှုတွေ ဒီလောက်ပေါနေတာ။ ညအချိန်မတော် တံခါးလာခေါက်တော့ ကြောက်သွားတယ်။ နေ့ခင်းဆိုရင်တောင် သူတို့ကိုမြင်ရင် စစ်ဆေးမေးမြန်းခံရမလာစိုးရိမ်နေတာ။ ညအချိန်မြင်တော့ ကြောက်သွားတာပေါ့”ဟု အဆိုပါတိုက်တန်းမှ အမည်မဖော်လိုသည့် နောက်တစ်ဦးကပြောသည်။

တိုက်ခန်းတွင်နေထိုင်သည့် တရုတ်တစ်ဦးကို စစ်တပ်နှင့်ရဲက လာရောက်ရှာဖွေခြင်းဖြစ်သည်ဟုလည်း ယင်းတိုက်တန်းတွင် နေထိုင်သူများက ဆိုကြသည်။

“တိုက်ခန်းမှာငှားနေတဲ့ တရုတ်တစ်ယောက်ကို လာရှာတာလို့ပြောကြတယ်။ အဲဒီတရုတ်က တရားမဝင်လာနေတာလို့ပြောတယ်။ ကျမတို့ကလည်း အဲဒီတရုတ်ကို လာရှာတာလို့ထင်တယ်။ ရဲကားနဲ့ စစ်ကားတွေ အမှောင်ထဲမှာရပ်ထားတယ်။ စစ်ကားကိုအမှောင်မှာရပ်ထားတယ်။ မိုးလည်းအရမ်းရွာတယ်။ ရဲကားတွေရော တိုက်ခန်းအောက်မှာရပ်ထားတယ်။ ရဲတွေ စစ်သားတွေ က တိုက်ခန်းကိုဝိုင်းထားတယ်”ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ ရွှေပြည်သာတိုက်တန်းမှ တိုက်ခန်းအချို့ကို ညအချိန် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။
ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက် ည ၁၀ နာရီခန့်အချိန်တွင်လည်း စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ နေအိမ်များကို စစ်တပ်အင်အား ၈၀ ခန့်က အိမ်ထောင်စုစာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲအချို့လည်း ဖြစ်ပွားမှုရှိနေသည်။

ဗီဒီယိုများ