ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်သဖြင့် ရသေ့တောင်ဒေသခံ ထောင်ချီထွက်ပြေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်းရှိကျေးရွာအချို့တွင် ယမန်နေ့(ဇွန်လ ၂၄ ရက်) နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များကျရောက်သဖြင့် ဒေသခံထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ထွက်ပြေးနေရ ကြောင်းသိရသည်။

By နှင်းနွယ် 25 Jun 2020

နှင်းနွယ် | DMG
ဇွန် ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်းရှိကျေးရွာအချို့တွင် ယမန်နေ့(ဇွန်လ ၂၄ ရက်) နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များကျရောက်သဖြင့် ဒေသခံထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ထွက်ပြေးနေရ ကြောင်းသိရသည်။

မေယုမြစ်ထဲရှိ တပ်မတော်ဇက်သင်္ဘောပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များမှာ မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများတွင် ကျရောက်မှုရှိခဲ့ကြောင်း ဒေသံများကဆိုသည်။

အဆိုပါမြစ်ကြောင်းတစ်လျှောက်ရှိ မင်းကမ်းချောင်း၊ ကန်ပြင်၊ ရွှေလောင်းတင်နှင့် ကန်ချောင်းကျေးရွာသား များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

“ဘယ်အဖွဲ့က စပစ်တယ်ဆိုတာကိုတော့ မသိဘူး။ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာတော့ရှိတယ်။ ရွာသားတွေကတော့ ကိုယ်လုံခြုံမယ်လို့ ထင်တဲ့နေရာတွေကို သွားကြတာပေါ့။ အခုတော့ ရွာမှာ ကျနော်အပါအဝင် အခြားလူတွေလည်း နည်းနည်းလေးပဲ ရှိတော့တယ်” ဟု ကန်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က ပြောသည်။

မင်းကမ်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အုတ်နံရံများ ပျက်စီးသွားခဲ့ကြောင်းလည်း ၎င်းကျေးရွာမှ အုပ်ချုပ်ရေးမှူးကဆိုသည်။

“ကျနော်တို့ အိပ်နေတုန်းမှာ ပစ်ခတ်သံတွေကြားရတော့ အကုန်ကြောက်ပြီးတော့ အိမ်အောက်မှာဆင်းဝပ်နေကြ ရတယ်။ တိုက်ပွဲဖြစ်မဖြစ်တော့ အတိအကျမသိဘူး။ လက်နက်ကြီးသံတွေရော သေနတ်သံတွေရောစုံနေတာပဲ။ ရွာထဲကိုလည်း ကျည်ဆံတွေကျတယ်” ဟု မင်းကမ်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စောလှိုင်က ပြောသည်။

မေယုမြစ်ထဲရှိ တပ်မတော်ဇက်သင်္ဘောအား ရက္ခိုင့်တပ်တော်(AA)မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ် ထွန်းထွန်းညီတို့ကို DMG က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ