ဂူတာပြင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်တရားရုံးတွင် မနက်ဖြန်စတင်စစ်ဆေးမည်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဖြစ်စဉ်၌ ပြစ်မှုကျုူးလွန်ခဲ့သည်ဟု ကနဦးတွေ့ရှိသူများကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် စစ်တရားရုံးမှာ စတင်စစ်ဆေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

By မြတ်ဝင်းကျော် 25 Nov 2019

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ ဂူတာပြင်ကျေးရွာတွင် ကျေးရွာတာဝန်ခံ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံနေကြစဉ်။ (ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး)

မြတ်ဝင်းကျော် | DMG
နိုဝင်ဘာ ၂၅ ၊ ရန်ကုန်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဖြစ်စဉ်၌ ပြစ်မှုကျုူးလွန်ခဲ့သည်ဟု ကနဦးတွေ့ရှိသူများကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် စစ်တရားရုံးမှာ စတင်စစ်ဆေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုများဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှ မွတ်ဆလင် ၄၀၀ ခန့် အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသူများ၏ ထွက်ဆိုချက်များရှိသည်ဟု အေပီသတင်းဌာနက ၂၀၁၈ ခုနှစ်တွင် ဖော်ပြခဲ့သည်။

တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများကို အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်( Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိလာသည့်အချိန်တွင်လည်း စီရင်ခံစာ၌ တပ်မတော်သားများက ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်မရှိပါက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မွတ်ဆလင် အလောင်း ၁၀ လောင်းတွေ့ရှိခဲ့မှုနှင့်ပတ်သက်ပြီး လူသတ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့်တွေ့ရှိချက်ကြောင့် တပ်မတော်အရာရှိနှင့် စစ်သည် စုစုပေါင်း ၇ ဦးတို့ကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုဖြစ်တွင် တပ်မတော်မှ နယ်မြေရှင်လင်းမှုများပြုလုပ်ရာတွင် မောင်တောဒေသမှ လူဦးရေ ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး အသတ်ခံရမှုများစွာလည်း ရှိခဲ့ကြောင်း နိုင်ငံတကာက ပြောဆိုထားသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံတကာတရားရုံး(ICJ)၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)နှင့် အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတို့တွင် အမှုဖွင့်ထားသည်။

ဗီဒီယိုများ