စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူ သုံးဦးကို ထောင်ဒဏ်ချမှတ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဆန္ဒပြခဲ့သူသုံးဦးကို ဂွမြို့နယ်တရားရုံးမှ ယနေ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

27 Sep 2021

DMG ၊ စက်တင်ဘာ ၂၇

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဆန္ဒပြခဲ့သူသုံးဦးကို ဂွမြို့နယ်တရားရုံးမှ ယနေ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူသုံးဦးမှာ ဂွမြို့နယ်မှ ဦးရဲခေါင်၊ ဦးလူနီနှင့် ကိုအောင်စိုးမိုးတို့ဖြစ်ပြီး ၎င်းတို့မှာ စစ်အာဏာသိမ်းမှုကိုအလိုမရှိကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယနေ့အမိန့်ချမှတ်ရာတွင် ဦးရဲခေါင်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် ဘေးစီမံဥပဒေတို့အတွက် ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ၊ ဦးလူနီကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ကိုအောင်စိုးမိုးကို ဘေးစီမံဥပဒေဖြင့် ထောင်ဒဏ် ၅ လ အသီးသီးချမှတ်ခဲ့ကြောင်း မိသားစုထံမှ သိရသည်။

ကိုအောင်စိုးမိုး၏ ဇနီး မနန်းယုခိုင်က "သူတို့ကို ဒီနေ့အမိန့်ချမှတ်ပါတယ်။ ကိုအောင်စိုးမိုးက ဘေးစီမံပုဒ်မအရ ၅ လ ချမှတ်ခံရပါတယ်။ သူ့ချုပ်ရက် ၃ လကနေပြီး အာမခံနဲ့အပြင်မှာနေခဲ့တယ်။ ချုပ်ရက်တွေ ထုတ်နှုတ်ခံစားခွင့်ရတယ်လို့သိရတယ်"ဟု ပြောသည်။

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရသော်လည်း အမှုအား အယူခံဝင်ရန်မရှိတော့ကြောင်း ဦးလူနီ၏သားဖြစ်သူ မြတ်ပိန်စိုးကပြောသည်။

"အယူခံဝင်ဖို့တော့ မရှိတော့ပါဘူးခင်ဗျ။ အခုသူတို့ကို သံတွဲထောင်သို့ ခေါ်ဆောင်သွားကြပြီ" ဟု ၎င်းကဆိုသည်။

စစ်တပ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒပြခဲ့သည့် တောင်ကုတ်မြို့နယ်မှ NLD ပါတီ အမတ်ဟောင်း ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကိုလဲ စက်တင်ဘာလ ၁၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ကျော်စီ ချမှတ်ခဲ့သည်။

ဗီဒီယိုများ