ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ရေယာဉ်နှင့် ဂွမြို့တွင် မဲဆွယ်

ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်သွားရောက်နေသည့် ရခိုင်အမျိုးသားပါတီ (ANP)မှ ဗဟိုအောင်နိုင်ရေးအဖွဲ့ဦးဆောင်သည့် ဇက်ရေယာဉ်သည် ယနေ့(အောက်တိုဘာ ၂၆ ရက်) ညနေ ပိုင်းတွင် ဂွမြို့သို့ရောက်ရှိလာကြောင်း ယင်းမြို့နယ်ရှိ ANP ပါတီကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

By မျိုးမြင့်ဇော် 26 Oct 2020

မျိုးမြင့်ဇော် | DMG
အောက်တိုဘာ ၂၆ ၊ သံတွဲ

ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များသို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်သွားရောက်နေသည့် ရခိုင်အမျိုးသားပါတီ (ANP)မှ ဗဟိုအောင်နိုင်ရေးအဖွဲ့ဦးဆောင်သည့် ဇက်ရေယာဉ်သည် ယနေ့(အောက်တိုဘာ ၂၆ ရက်) ညနေ ပိုင်းတွင် ဂွမြို့သို့ရောက်ရှိလာကြောင်း ယင်းမြို့နယ်ရှိ ANP ပါတီကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် အောက်တိုဘာ ၂၄ ရက်နေ့တွင် စစ်တွေမြို့မှ ဇက်ရေယာဉ်နှင့်ထွက်ခွာသွားခဲ့ပြီး ပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များသို့ မဲဆွယ်စည်းရုံးရေး သွားရောက်နေခြင်းဖြစ်သည်။

လက်ရှိကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သည့်အတွက် ဂွမြို့တွင် အသွားအလာများကို ကန့်သတ်ထားရာ ANP ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့သည် ကမ်းပေါ်သို့တက်ခွင့်မရဘဲ ယနေ့ညတွင် ဇက်ရေယာဉ်ပေါ်မှနေပြီး ဖျော်ဖြေရေးနှင့် မဲဆွယ်စည်းရုံးရေးများကို လုပ်ဆောင်ခဲ့ကြသည်။

“စစ်တွေဆိုတာလည်း ကိုဗစ်ရောဂါတွေဖြစ်နေတဲ့ ဒေသဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ထိတွေမှု မရှိအောင်ဆိုပြီး ကမ်းနဲ့ ၆ ပေလောက်ကွာတဲ့နေရာမှာ လောလောဆယ်ဆိုက်ထားတယ်” ဟု ANP ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ညိုက ပြောသည်။

ဂွမြို့နယ်သည် လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ မဲဆန္ဒနယ်ဖြစ်ပြီး ယခင် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ANP မှ ရှုံးနိမ့်ခဲ့သည့် မြို့နယ်တစ်ခုဖြစ်သည်။

ANP ဗဟိုအောင်နိုင်ရေးအဖွဲ့သည် ဇက်ရေယာဉ်ဖြင့် ဂွမြို့မှနေ၍ သံတွဲ၊ မာန်အောင်နှင့် ရမ်းဗြဲမြို့နယ်များသို့ သွားရောက်မည်ဖြစ်ကြောင်း ANP ပါတီမှ သိရသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ၉ မြို့နယ်နှင့် အခြားမြို့နယ် ၄ မြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၃၇ အုပ်စုတွင် ရွေးကောက်ပွဲမကျင်းပကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

ရွေးကောက်ပွဲကျင်းပမည့် ရခိုင်တောင်ပိုင်းမြို့နယ်များတွင် ANP ပါတီမှ မဲဆွယ်စည်းရုံးရေးများကို အင်အားဖြည့်လုပ်ဆောင်လျက်ရှိနေပြီး ယခုရက်ပိုင်းအတွင်း သံတွဲ၊ တောင်ကုတ်မြို့နယ်များတွင် ရခိုင်အမျိုးသားပါတီမှ အောင်နိုင်ရေးမဲဆွယ်စည်းရုံးရာတွင် လူဦးရေထောင်ချီကာ ဝန်းရံမှုများရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပရန် အချိန်တစ်ပတ်ကျော်သာ လိုတော့သည်။

ဗီဒီယိုများ