ဂွ-မကျည်းငူတံတားတည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ရခိုင်ပြည်နယ် ဂွနှင့် မကျည်းငူကိုဆက်သွယ်ဖောက်လုပ်နေသည့်တံတားမှာ လက်ရှိ ၈၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီး လာမည့် ၂၀၂၂ ခုနှစ်မတ်လတွင်'အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

14 Sep 2021

DMG ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ် ဂွနှင့် မကျည်းငူကိုဆက်သွယ်ဖောက်လုပ်နေသည့်တံတားမှာ လက်ရှိ ၈၀ ရာခိုင်နှုန်းအထိပြီးစီးနေပြီး လာမည့် ၂၀၂၂ ခုနှစ်မတ်လတွင်'အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိအဆိုပါတံတားမှာ ချည်းကမ်းလမ်းနှင့် လက်ရမ်းတိုင်များသာ လုပ်ဆောင်ရန်ကျန်ရှိနေပြီး လာမည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း ဖွင့်လှစ်ရန်ပြင်ဆင်ထားကြောင်း ဂွမြို့နယ်မှ မြို့မိမြို့ဖ ဦးလှတင့်က DMG သို့ပြောသည်။

"တံတားက ကြမ်းခင်းတွေအကုန်ပြီးနေပြီ။ ချည်းကပ်လမ်းနဲ့ လက်ရမ်းတိုင်များသာလုပ်ဆောင်ဖို့လိုအပ်တော့တယ်။ လာမည့်နှစ် မတ်လမှာဆိုရင် ဖွင့်ပွဲလုပ်နိုင်အောင်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့သိထားရတယ်" ဟု ၎င်းကပြောဆိုသည်။

အဆိုပါတံတားပြီးစီးပါက ဂွမြို့နယ်နှင့် ဧရာဝတီတိုင်း ကုန်းလမ်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာနိုင်ပြီး ဖွံဖြိုးတိုးတက်မှုများလဲ ရှိလာနိုင်ကြောင်း မျှော်မှန်းထားကြသည်။

အဆိုပါ တံတားဆောက်လုပ်ရာတွင် မကျည်းငူဖက်အခြမ်းမှ ဒေသခံအချို့မှာ မြေနေရာများပါဝင်သွားမှုရှိပြီး ယင်းမြေယာပါဝင်သူများအတွက် လျှော်ကြေးငွေများကို ဘဏ်အကောင့်များဖွင့်ကာပေးထားပြီးဖြစ်ကြောင်း မကျည်းငူကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

"မြေရာပါဝင်သွားသူတွေကိုတော့ ကုန်ခဲ့တဲ့အပတ်က အစိုးရက ဘဏ်အကောင့်တွေဖွင့်ပြီး လျှော်ကြေးငွေပေးထားပြီးပါပြီ။ ဒါပေမဲ့ ဘဏ်စနစ်အခက်အခဲကြောင့် ထုတ်လို့တော့မရသေးဘူး" ဟု ၎င်းကပြောသည်။

အဆိုပါတံတားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး တံတား၏အရှည်မှာ ၁၃၉၈ ပေရှည်လျားပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ငွေကျပ်သန်းပေါင်း ၈၉၈၀ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဗီဒီယိုများ