စားနပ်ရိက္ခာခက်ခဲနေသည့် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများကိုကူညီရန် မြို့တွင်းရှိ CSO အဖွဲ့အစည်းများ စီစဉ်နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြိ့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည့်အတွက် စားနပ်ရိက္ခာကူညီထောက်ပံ့ပေးနိုင်ရန် မြို့တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စီစဉ်နေကြောင်း သိရသည်။

14 Aug 2021

DMG ၊ သြဂုတ် ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြိ့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည့်အတွက် စားနပ်ရိက္ခာကူညီထောက်ပံ့ပေးနိုင်ရန် မြို့တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စီစဉ်နေကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာအခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင်များမှ အကူအညီတောင်းခံလာသည့်အတွက် မြို့တွင်းရှိ CSO အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း Mrauk-U CSO Network အဖွဲ့ဥက္ကဋ္ဌ ဦးဘညွန့်က ပြောသည်။

“ဆေး၊ စားနပ်ရိက္ခာတွေ၊ ကလေးတွေအာဟာရဖြစ်မယ့် အစားအသောက်တွေကို ကူညီပေးပါလို့ ဖုန်းဆက်လာကြတယ်။ ဒါ့ကြောင် CSO တွေကိုခေါ်ပြီး ဘယ်လိုကူညီသွားမယ်ဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ ဘယ်လိုအပိုင်းတွေနဲ့ ဘယ်ကဏ္ဍတွေကပါဝင်ကူညီမလဲ။ ဘယ်လိုရန်ပုံငွေနဲ့လုပ်မယ်ဆိုတာကို အသေးစိတ်တော့ မဆုံးဖြတ်ရသေးဘူး” ဟု ဦးဘညွန့်ကပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ရန် တစ်ဖက်မှာလည်း ငွေကြေးအခက်အခဲရှိနေကြောင်း၊ လက်ရှိတွင် ၎င်းတို့ CSO အဖွဲ့အစည်းများတွင်ရှိသည့် ရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အလှူရှင်များမှ လှူဒါန်းနိုင်ရန်အတွက်လည်း လှူဒါန်းငွေများကိုကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များမှ သိရသည်။

စားနပ်ရိက္ခာထောက်ပံ့မှုကို လတ်တလောတွင် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများအတွက် ကူညီသွားမှာဖြစ်ပြီး ရန်ပုံငွေရရှိရေးအပေါ်မူတည်ကာ တစ်ခြားမြို့နယ်မှ စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း Mrauk-U CSO Network အဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများကို ဆန်နှင့် တခြားရိက္ခာများ လစဉ်ထောက်ပံ့နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အနေဖြင့် သြဂုတ် ၁၁ ရက်နေ့မှစ၍ ရိက္ခာထောက်ပံ့မှုများကို ရက်အကန့်အသတ်မရှိ ရပ်တန့်လိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ စားနပ်ရိက္ခာထောက်ပံ့မှုရပ်တန့်လိုက်သည့်အတွက် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ပိုမိုအခက်တွေ့လာနေရကြောင်း မြောက်ဦးမြို့နယ်လုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများအစည်းအရုံးမှ ကိုထွန်းနိုင်လင်းက ပြောသည်။

“အခုဟာ ကိုဗစ်ကာလဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေအပြင်ထွက်ပြီး အလုပ်လုပ်လို့မရဘူး။ ဒီအချိန်မှာ ထောက်ပံ့မှုတွေလည်းမရဘူးဆိုတော့ ဒုက္ခသည်အတွက် ပိုပြီးစိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်”ဟု ကိုထွန်းနိုင်လင်းက ပြောသည်။

မြောက်ဦးမြို့နယ်မှ မြတန်ဆောင်း၊ စင်းဘောကိုင်း၊ တိန်ညို၊ မြို့သစ်၊ စေတီတောင်၊ မြို့ဦးခေါင်း၊ ကျောက်ရာဇ်ကေ၊ ရွှေထီးဆောင်း စသည့်စစ်ဘေးရှောင်စခန်းများမှာ ICRC မှ ထောက်ပံ့ပေးသည့်ရိက္ခာများကို အဓိကအားထားနေရခြင်းလည်း ဖြစ်ကြောင်းသိရသည်။

လက်ရှိမှာ ပြည်နယ်တာဝန်ရှိသူများမှထုတ်ပြန်သည့် ထောက်ပံ့ပို့ဆောင်ရေးနှင့်ဆိုင်သော သတ်မှတ်ချက်အသစ်များကြောင့် လာမည့်ရက်သတ္တပတ်များတွင် ပေးအပ်ရန်စီစဉ်ထားသည့် စားနပ်ရိက္ခာ ဖြန့်ဝေပေးမှုများ နှောင့်နှေးကြန့်ကြာမှုရှိမည်ဖြစ်ကြောင်း ICRC မှ DMG ၏မေးမြန်းမှုကို email ဖြင့် ဖြေကြားထားသည်။

ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသည်မှာ ၁၀ လခန့်ကြာမြင့်လာပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တစ်သိန်းကျော်အထိရှိနေသေးကြောင်း သိရသည်။

ရခိုင်တွင် တပ်မတော်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်မှ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ICRC ၊ WFP နှင့် အစိုးရ၏ ဘေးစီမံဌာနတို့ထံမှ ထောက်ပံ့မှုများကို အဓိကအားထားကာ နေထိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ