သံတွဲရေကြီးမှုကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ပြန်ဆောက်ရန် အကူအညီလိုအပ်နေ

သံတွဲမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်နေ့က ရေကြီးမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ယင်းနေအိမ်များအား ပြန်လည်တည်ဆောက်ရန်အတွက် အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။

30 Jul 2021

ဓာတ်ပုံ-Phyo Maung

DMG ၊ ဇူလိုင် ၃၀

သံတွဲမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်နေ့က ရေကြီးမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ယင်းနေအိမ်များအား ပြန်လည်တည်ဆောက်ရန်အတွက် အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် သံတွဲမြို့နယ် အံတော်ကျေးရွာမှ နေအိမ် ၁၇ လုံး ပျက်စီးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် သံတွဲဒေသခံ ကိုဖြိုးမောင်မောင်က ပြောသည်။

"အခုသူတို့က နေအိမ်ဆောက်ဖို့ အကူအညီလိုအပ်နေတာပေါ့။ တစ်မြို့နယ်လုံးအပျက်အစီးစာရင်းတော့ မရှိသေးဘူး။ ကျနော် တို့မှာ လောလောဆယ် အံတော်ရွာမှာတော့ နေအိမ် ၁၇ လုံး ပျက်စီးသွားတာရှိတယ်။ သူတို့က အခုဓမ္မာရုံမှာနေကြတယ်။ ကျနော်တို့လဲ အတတ်နိုင်ဆုံးကူညီပေးနေတယ်" ဟု ဇူလိုင် ၂၉ ရက်နေ့က ပြောသည်။

သံတွဲမြို့နယ်အတွင်း ရေကြီးမှုဒဏ်ကြောင့် လူအများစုမှာ စားသောက်ဖွယ်ရာများ ပျက်စီးသွားခဲ့ကာ စားသောက်ရေးအပိုင်း အခက်အခဲရှိနေကြောင်း သံတွဲမြို့ လူမှုကူညီရေးလုပ်ဆောင်ပေးသည့် ဆရာတော်ဦးတေဇိန္ဒက မိန့်ကြားသည်။

"ရေကျသွားတော့ ကိုယ့်နေအိမ်ကိုယ်ပြန်ပြီး သန့်ရှင်းရေးလုပ်နေ ကြတယ်။ အိမ်ထောင်စု ၅၀၀ ကျော်လောက်ကို ဆရာတော်တို့ ထမင်းကျွေးနေရတယ်။ စားရေးသောက်ရေးက အခက်အခဲရှိနေတယ်" ဟု ဆရာတော်က မိန့်သည်။

အဆိုပါရေကြီးမှုတွင် အိမ်ထောင်စုပေါင်း ၇၀၀ ကျော် ရေလွှမ်းမိုးမှုခံခဲ့ရပြီး လူဦးရေအားဖြင့် ၃၀၀၀ ကျော် ဒုက္ခရောက်လျှက်ရှိကာ အသေအပျောက်စာရင်များမှာမရရှိသေးဟု ပြည်နယ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၂၈ ရက်က ရေးသားထားသည်။

ရခိုင်ပြည်နယ် ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် ကောင်စီအဖွဲ့ဝင်များက ဇူလိုင် ၂၉ ရက်နေ့တွင် သံတွဲမြို့နယ်သို့ သွားရောက်ကာ သာသနာ့ဗိမာန်တွင်ခိုလှုံနေသည့် ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံပေးခဲ့ကြောင်း သိရသည်။

နေအိမ်ပျက်စီးသည့် ဒုက္ခသည်များအတွက် ပြည်နယ်ကောင်စီက တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သိန်းစီနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ ငွေကျပ် ၁ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

ဗီဒီယိုများ