ရခိုင်တွင် မိမိဆန္ဒအရ ကိုဗစ်ကာကွယ်ဆေးမထိုးသူများရှိသဖြင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးမှာ အဆင်မပြေသေးကြောင်းပြော

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးနေသော်လည်း မိမိဆန္ဒအရ လာရောက်မထိုးနှံသူများကြောင့် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးမှာ အဆင်မပြေသေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

27 May 2022

DMG ၊ မေ ၂၇

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးနေသော်လည်း မိမိဆန္ဒအရ လာရောက်မထိုးနှံသူများကြောင့် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးမှာ အဆင်မပြေသေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

“ကာကွယ်ဆေးတွေကို အချိန်ပြည့်ထိုးပေးနေတယ်။ ဒါပေမဲ့ ပထမအကြိမ်ထိုးတဲ့သူတွေက ဒုတိယအကြိမ် မထိုးလာတဲ့သူတွေရှိတယ်။ အဲဒါကြောင့် အချိန်ပြည့်မထိုးနိုင်သေးတာပါ။ ကျွန်တော်တို့အနေနဲ့တော့ ပထမအကြိမ်ထိုးတဲ့သူတွေကို ဒုတိယအကြိမ်ထိုးပေးတယ်၊ ဒုတိယအကြိမ်ထိုးပြီးတဲ့သူတွေကို ၆ လကြာပြီးရင် တတိယအကြိမ် BOOSTER DOSE ထိုးပေးနေတယ်”ဟု ဒေါက်တာ စိုးဝင်းပိုင်ကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလနှင့် မေလတို့တွင် ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံနိုင်ရေးဆောင်ရွက်နေသည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးထားသူ ၁၇၂၈,၂၁၂ ဦး၊ နှစ်ကြိမ်ထိုးထားသူ ၁၃၂၃,၉၀၇ ဦးရှိပြီး ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး(B00STER DOSE)ကို အသက် ၄၀ နှင့်အထက် လူဦးရေ ၁၇၆,၀၇၉ ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယခုမေလနောက်ဆုံးအပတ်တွင်လည်း ရခိုင်သို့ ကိုဗစ်ကာကွယ်ဆေးများ ထပ်မံရောက်ရှိမည်ဖြစ်ကာ မြန်မာနိုင်ငံထုတ် Myancopharm ကိုဗစ်ကာကွယ်ဆေးများလည်းပါဝင်မည်ဟု ဒေါက်တာ စိုးဝင်ပိုင်က ပြောသည်။

“ကာကွယ်ဆေး အရေအတွက်ကိုတော့ မသိရသေးဘူး။ အခုရောက်မယ့် ကာကွယ်ဆေးတွေထဲမှာ မြန်မာနိုင်ငံထုတ် Myancopharm လည်းပါတယ်။ ကျန်းမာရေးဌာနအနေနဲ့ကတော့ ကာကွယ်ဆေးကို မပြတ်လတ်အောင် ထိုးပေးနေပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးထားသူ ၆၃၆၁,၆၂၉ ဦး၊ နှစ်ကြိမ်ထိုးထားသူ ၂၄,၈၀၃,၂၅၆ ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၁၈၂၉,၅၈၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ