မင်းဘူး-အမ်းကြားလမ်းတွင် ကားလမ်းချော် ပိတ်ဆို့မှုကို မိုးရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေရ

ပြည်မဖက်မှ ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုလုပ်ဆောင်ရာတွင် အသုံးပြုမှုအများဆုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း ကားလမ်းမမှာ နှစ်စဉ်နှစ်တိုင်းမိုးရာသီဆိုလျှင် ကားလမ်းချော် ပိတ်ဆို့မှုများကို ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။

29 Jul 2021

DMG ၊ ဇူလိုင် ၂၉

ပြည်မဖက်မှ ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုလုပ်ဆောင်ရာတွင် အသုံးပြုမှုအများဆုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း ကားလမ်းမမှာ နှစ်စဉ်နှစ်တိုင်းမိုးရာသီဆိုလျှင် ကားလမ်းချော် ပိတ်ဆို့မှုများကို ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။

ယခုကဲ့သို့ ကားလမ်းပိတ်ဆို့မှုများကြုံတွေ့ရခြင်းမှာ ကားလမ်းများကို မိုးရာသီမတိုင်မှီ ပြုပြင်ခြင်းများမလုပ်ဘဲ မိုးရွာသွန်းသည့် အချိန်မှ လာရောက်ပြုပြင်သည့်အနေအထားဖြစ်သည့်အတွက် အခုကဲ့သို့ အခက်အခဲဖြစ်ရခြင်းဖြစ်ကြောင်း ကားသမားများကပြောသည်။

မန္တလေး-စစ်တွေကားမောင်းသည့် ယာဉ်မောင်းကိုဝင်းလှိုင်က “မိုးရာသီဆိုရင် နှစ်တိုင်းဖြစ်နေကျ၊ ရခိုင်ပြည်မှာတော့ လမ်းတိုင်းလိုလိုတွေ့တာပဲ၊ ဒီလမ်းတွေကလည်း မိုးရာသီရောက်မှ လမ်းခင်းတာဆိုတော့ မြေသားဖို့တာတွေက ချော်ပြီးဖြစ်တာလေ၊ သူတို့က နွေရာသီမှာ လမ်းကိုပြင်ရမယ့်ဟာကို ဒီမိုးတွင်းရောက်မှ မြေတွေဘာတွေခင်း၊ အောက်ကကျောက်ခဲမခံဘဲ လုပ်တော့ မိုးရွာရင်လျော်တာပေါ့ဗျာ” ဟု ပြောသည်။

မင်းဘူး-အမ်းလမ်းမမှာ တစ်လမ်းမောင်းဖြစ်သည့်အတွက် ယာဉ်တစ်စီးဆင်းလာချိန်တွင် အခြားတစ်စီးမှ စောင့်နေရသည့် အနေအထားတွင်ရှိကြောင်းလည်း ယာဉ်မောင်းများက ဆိုကြသည်။

အဆိုပါ လမ်းပခုံး(ကားလမ်းမဘေးဖက်)တင်ထားသည့် မြေသားများမှာ ကားဘီးများတွင်ကပ်ပါလာပြီး မြေချော်ခြင်းများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကေသီးဦးယာဉ်လိုင်းမှ ဂိတ်မှူး ဦးမောင်ဝင်းချေကပြောသည်။

“ကတ္တရာလမ်းဘေး၊ ကွန်ကရစ်လမ်းဘေးတွေမှာ ဟိုဖက်ဒီဖက် သုံးပေလုပ်ရတာရှိတယ်။ အဲဒီပြဿနာတွေကြောင့် မြေကြီးတွေက လောလောစဉ်မှာ ကားကြီးတွေက ဘေးကိုချပြီးရှောင်ရတယ်။ အဲဒီအချိန်မှာ တာယာတွေမှာ ရွံ့တွေရောပါလာတယ်၊ မိုးကလည်း ပုံမှန်ရွာတာမျိုးမဟုတ်ဘဲ မြေတွေကကားလမ်းထက် ရောက်သွားတော့ တာယာတွေချော်တာများတယ်” ဟု ဆိုသည်။

ဆောက်လုပ်ရေးအနေအထားမှာလည်း ဘတ်ဂျက်ချပေးမှုအပေါ်မူတည်ကာ လုပ်ရသည့်အနေအထားဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် အားနည်းသည့်ဟုယူဆကြောင်းလည်း ဦးမောင်ဝင်းချေကပြောသည်။

ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် အမ်းမြို့နယ် ငပြယ်ကျေးရွာနှင့် တောင်စောက်ကျေးရွာကြားတွင် ကားလမ်းချော်သည့်အတွက် ခရီးသည်တင်ကားများ၊ ကုန်ကား၊ အိမ်စီးကား စသည့်ကား ၁၀၀ ကျော်ခန့် ပိတ်မိကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“အပေါ်တက်လို့မရဘူးဖြစ်နေတယ်လေ၊ ကားကလည်း တစ်လမ်းမောင်းဆိုတော့ ရွံတွေနဲ့ချော်ပြီးတော့ မသွားနိုင်ဘူးဖြစ်တယ်၊ အောက်ကကျောက်ခဲမပါတော့ဘူးလေ။ ပိတ်နေတာက မနေ့ကတည်းကပိတ်နေတာ၊ အခုကတော့ ယာဉ်ထိန်းတွေလာကူပေးလို့ သွားလို့တော့ တချို့တဝက်ရနေပါပြီ” ဟု အာကာထွန်းကား မောင်းနေသည့် ဦးကျော်ကျော်လွင်ကပြောသည်။

အမ်းမြို့နယ် လမ်း-တံတားအထူးဦးစီးတာဝန်ခံအင်ဂျီနီယာ ဦးထွန်းအောင်ကျော်က လက်ရှိအချိန်တွင် မင်းဘူးဖက်ကို ဆင်းသည့်ကားများမှာ ဆင်းလို့ရနေပြီးဖြစ်ကြောင်းနှင့် တခြားကားများကိုလည်း သွားလာနိုင်အောင် လုပ်ပေးနေပြီဖြစ်ကြောင်း ပြောသည်။

ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်းကြုံနေရသည့် အခက်အခဲကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို မေးမြန်းရာတွင် အခုကားပိတ်နေသည့်အတွက် နောက်မှပြန်ဆက်ပေးမည်ဟု ပြောဆိုသည်။

ဗီဒီယိုများ