ရခိုင်တွင် ကိုဗစ်ရောဂါးပိုးတွေ့ရှိသည့် ကျန်းမာရေးဝန်ထမ်း ၇၀ ခန့်ရှိ

အဆိုပါ ကျန်းမာရေးဝန်ထမ်း ၇၀ ခန့်သည် ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်ပွားချိန် ဩဂုတ်လအတွင်းမှစ၍ စက်တင်ဘာ ၂၅ ရက်နေ့အထိတွင် ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

By အောင်ထိန် 26 Sep 2020

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၂၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကျန်းမာရေးဝန်ထမ်း ၇၀ ခန့်ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာရုံးမှ သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်း ၇၀ ခန့်သည် ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်ပွားချိန် ဩဂုတ်လအတွင်းမှစ၍ စက်တင်ဘာ ၂၅ ရက်နေ့အထိတွင် ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“အဲဒီထဲမှာဆေးရုံက ဆင်းသွားတဲ့သူတွေလည်းရှိတယ်။ ဆေးရုံဆင်းသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေရော၊ လက်ရှိကျန်းမာရေးဝန်ထမ်းတွေပေါင်းပြီးတော့ ၇၀ နီးပါးရှိတာ။ ဆေးရုံကဆင်းသွားတဲ့ ကျန်းမာရေးဝန်ထမ်း တွေရဲ့စာရင်းကိုတော့မရသေးဘူး” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းများမှာ စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦးမြို့နယ်နှင့် အခြားမြို့နယ်တို့မှ အသီးသီး ပါဝင်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း ဒေါက်တာစိုးဝင်းပိုင်ထံမှ သိရသည်။

ထို့ပြင် စစ်တွေဆေးရုံကြီးတွင် အောက်စီဂျင်ပေးထားရသည့် ကိုဗစ်ရောဂါပိုးတွေ့လူနာ ၇ ဦးရှိသည့်အထဲမှ စက်တင်ဘာ ၁၃ ရက်နေ့က အမျိုးသားတစ်ဦးနှင့် စက်တင်ဘာ ၂၃ ရက်နေ့တွင် အမျိုးသမီးတစ်ဦးတို့ သေဆုံး သွားကြောင်းနှင့် လက်ရှိရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာသေဆုံးသူ ၃ ဦးရှိသွားပြီဖြစ်ကြောင်း စစ်တွေဆေးရုံအုပ် ဒေါက်တာဇော်လွင်က DMG သို့ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ စုစုပေါင်း ၉၉၀၀ ကျော်ရှိလာနေပြီ ဖြစ်ကာ ရခိုင်ပြည်နယ်တွင် ပိုးတွေ့လူနာ ၁၂၀၀ ကျော်ရှိကြောင်း ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဗီဒီယိုများ