ရခိုင်မှ နှစ် (၁၀၀) ကျော်သက်တမ်းရှိ အဆောက်အဉီးများကို စာရင်းကောက်ယူနေ

ရခိုင်ပြည်နယ်မှ နှစ် (၁၀၀) ကျော်သက်တမ်းရှိသည့် ပုဂ္ဂလိကအဆောက်အဉီးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဝတ်ပြုကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ မွတ်ဆလင်ဗလီ/ဝတ်ပြုကျောင်းများအား ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရန် စာရင်းကောက်ယူနေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန စစ်တွေဌာန(ခွဲ)မှ သိရသည်။

By DMG 17 May 2021

DMG | မေလ ၁၇

ရခိုင်ပြည်နယ်မှ နှစ် (၁၀၀) ကျော်သက်တမ်းရှိသည့် ပုဂ္ဂလိကအဆောက်အဉီးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဝတ်ပြုကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများ၊ မွတ်ဆလင်ဗလီ/ဝတ်ပြုကျောင်းများအား ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရန် စာရင်းကောက်ယူနေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန စစ်တွေဌာန(ခွဲ)မှ သိရသည်။

ကောက်ယူထားသည့်စာရင်းများအရ စစ်တွေမြို့တွင် နှစ်(၁၀၀)ကျော်သက်တမ်းရှိသည့် အဆောက်အဉီး (၄၀) ရှိပြီး ပေါက်တောမြို့တွင် (၂) ခုနှင့် သံတွဲမြို့တွင် (၁) ခုတို့ကို စာရင်းကောက်ယူထားသည်။

နှစ်တစ်ရာကျော်သည့် အဆောက်အဉီးတစ်ခုသည် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရမည့် အဆောက်အဉီးဖြစ်ပြီး ရှေးအမွေအနှစ်ကို မပျောက်ကွယ်ရအောင် ထိန်းသိမ်းစောင့်ရှောက်သင့်သဖြင့် စာရင်းကောက်ယူရခြင်းဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန စစ်တွေဌာန(ခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဉီးအောင်ထွန်းလှက ပြောသည်။

“ရှေးဟောင်းသုတေသနက နှစ်တစ်ရာကျော်လို့ရှိရင် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရမယ့် အဆောက်အဉီးဖြစ်သွားပြီ။ တချို့အဆောက်အဉီးတွေက လုံးဝပြိုပျက် ပျက်စီးသွားနိုင်တဲ့ အနေအထားရှိတယ်။ အဲဒါကို တင်ပေးလိုက်တယ်။ ရည်ရွယ်ချက်ကတော့ ရှေးဟောင်းအမွေအနှစ်တွေကို မပျောက်ကွယ်ရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်တယ်” ဟု ဉီးအောင်ထွန်းလှ က ပြောသည်။

နှစ်တစ်ရာကျော် အဆောက်အဉီးများစာရင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပထမအကြိမ်စာရင်းကောက်ယူကာ နေပြည်တော်သို့ တင်ပြထားသော်လည်း ဗိသုကာလက်ရာနှင့် ထူးခြားမှုအားနည်းနေသည့်အတွက် ပြန်လည်ဖြည့်စွက်ပြီးတင်ပြရန် စာရောက်လာသဖြင့် ဒုတိယအကြိမ် ကောက်ယူနေခြင်းဖြစ်သည်။

စာရင်းကောက်ယူထားသည့် အဆောက်အဉီးများကို နေပြည်တော်ရုံးချုပ်သို့ တင်သွားသွားမည်ဖြစ်ပြီး၊ ပြုပြင်ထိန်းသိမ်းရမည့် အဆောက်အဉီးများစာရင်းကျလာပါက အဆောက်အဉီးပိုင်ရှင်များနှင့် ပူးပေါင်းကာ ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းလည်း ဉီးအောင်ထွန်းလှက ဆက်ပြောသည်။

“အဆောက်အဉီးကို ဓာတ်ပုံအထောက်အထားနဲ့ တင်ပေးလိုက်တဲ့အခါ နေပြည်တော်ကနေပြီးတော့ ဒီဟာကတော့ ဘယ်လောက်ထိပျက်စီးနေပြီလဲ၊ လုပ်သင့်/မလုပ်သင့်ကို အကြောင်းပြန်ပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့တွင် နှစ်(၁၀၀)ကျော်သက်တမ်းရှိသည့် အဆောက်အဉီးများမှာ မြို့နယ်စည်ပင်သာယာရေးရုံး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဉီးစီးဌာနရုံး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၊ စစ်တွေစာတိုက်ကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ စစ်တွေအကျဉ်းထောင်၊ ဉီးသာဇံလှနေအိမ်၊ ဒင်ဒူးနေအိမ်၊ ဉီးထွန်းစိန်ဉီးနေအိမ်၊ စိန့်မတ်ခ်အင်္ဂလီဘုရားကျောင်း၊ စစ်တွေပြည်သူ့ဆေးရုံကြီး၊ နာရီစင်ဟောင်း၊ အစိုးရအထက်တန်းကျောင်း (အထက-၁)၊ ရွှေနှလုံးတော်ဘုရားကျောင်း၊ မြတည်းခိုရိပ်သာ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တို့ပါဝင်သည်။

ယင်းအပြင် မွတ်ဆလင်ဝတ်ပြုကျောင်း၊ ဘာဒါမက်ကာဆူဇီဝတ်ပြုကျောင်း၊ ဉီးရဲကျော်သူဘဏ်၊ ဉီးရွှေသာဘဏ်၊ အောင်မင်္ဂလာရပ်ကွက်ရှိနေအိမ်၊ ဆရီဆရီဟော်ရီမောန်ဒီရ် ဟိန္ဒူဘုရားကျောင်း၊ ဆရီဆရီဟာဒေဗ့်ဘာရီဟိန္ဒူဘုရားကျောင်း၊ ဉီးလူဖြူနေအိမ်၊ ဉီးမောင်ဖြူနေအိမ်၊ ဉီးထွန်းကျော်ဇံနေအိမ်၊ ဒေါ်မြလှဉီးနေအိမ်၊ မြန်မာ့စီးပွားရေးဘဏ်ပိုင်အဆောက်အဉီး၊ စိန်အဲန်ကတ်သလစ်သီလှင်ကျောင်း၊ အစိုးရအထက်တန်းကျောင်း(အထက-၂)၊ ဉီးကျော်ဇောနေအိမ်၊ မာရကန်တိုက်၊ အတ္တဆီယာကျောင်းတော်(မွတ်ဆလင်ဗလီ)၊ ဉီးကျော်မောင်နေအိမ်၊ ဉီးနီထွန်းဉီးနေအိမ်၊ အစိုးရအထက်တန်းကျောင်း (အထက-၄)၊ မြန်မာ့လေကြောင်းပို့ဆောင်ရေးရုံး၊ ဉီးရဲကျော်သူကျောင်းတိုက် (ခ) သံကျောင်း စသည့် အဆောက်အဉီးများလည်း ပါဝင်သည်။

ပေါက်တောမြို့ရှိ ရခိုင်နပန်းစုံအိမ်ကြီး၊ ပေါက်တော်ဆေးရုံဟောင်းနှင့် သံတွဲမြို့နယ်ရှိ ဘိုဒိန်ကျောင်းဆောင် စသည့် အဆောက်အဉီးများသည် နှစ်(၁၀၀)ကျော်သက်တမ်းရှိသည့် အဆောက်အဉီးများဖြစ်သဖြင့် စာရင်းကောက်ယူထားခြင်းဖြစ်သည်။

စာရင်းကောက်ယူခြင်းကို မြို့နယ်ကန့်သတ်မထားဘဲ ရခိုင်ပြည်နယ်မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိသည့် အဆောက်အဉီးများအား သက်ဆိုင်ရာဉီးစီးဌာနအလိုက် ကောက်ယူနေခြင်းဖြစ်သည်။

ဗီဒီယိုများ