နီပေါနိုင်ငံမှ အင်ဒိုနီးရှားသွားသည့် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ရခိုင်ပြည်နယ်ထဲ ဆင်းသက်ခဲ့

နီပေါနိုင်ငံမှ အင်ဒိုနီးရှားသို့သွားသည့် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ယနေ့စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

06 Sep 2019

ချလူးအောင် | DMG

စက်တင်ဘာ ၆ ၊ မောင်တော

နီပေါနိုင်ငံမှ အင်ဒိုနီးရှားသို့သွားသည့် ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ယနေ့စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာအနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

၎င်းရဟတ်ယာဉ်မှာ 9N-AHT အမျိုးအစားဖြစ်ကာ စစ်တကောင်းလေဆိပ်မှ အင်ဒိုနီးရှားသို့သွားရာတွင် စက်ချို့ ယွင်းပြီး စည်တောင်ကျေးရွာအနီးတွင် ခေတ္တဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်မှ အမည် မဖော်လိုသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“စက်ချို့ယွင်းပြီး ဘူးသီတောင်နဲ့ ရသေ့တောင်ကြားကျေးရွာအနီး ယာယီဆင်းသက်ပြီး နာရီဝက်လောက် စက်ပြုပြင်ခဲ့တာပါ” ဟု ၎င်းကပြောသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အဆိုပါရဟတ်ယာဉ်သည် လက်ရှိတွင် စစ်တွေမြို့သို့ ရောက်ရှိ သွားပြီဖြစ်ကြောင်းပြောသည်။

“စက်ချို့ယွင်းတာလို့ သိရတယ်။ ဘယ်က ရဟတ်ယာဉ်လဲ၊ ဘယ်သူတွေပါလဲဆိုတာ ကျနော်တို့မသိပါဘူး။ အခုတော့ စစ်တွေမှာဆင်းသက်တယ်ဆိုတော့ စစ်တွေကိုမေးတာကောင်းပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

၎င်းရဟတ်ယာဉ်မှာ စစ်တွေမြို့လေဆိပ်တွင်ဆင်းသက်ကာ လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဗီဒီယိုများ