အိန္ဒိယက ရခိုင်ပြည်နယ်အတွက် ငါးနှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံသွားမည်

ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယအစိုးရက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅ နှစ်တာကာလအတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့သွားဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Saurabh Kumar က ပြောသည်။

11 Jul 2019

ချလူးအောင် | DMG

ဇူလိုင် ၁၁၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယအစိုးရက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅ နှစ်တာကာလအတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့သွားဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Saurabh Kumar က ပြောသည်။

မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံက ယင်းသို့ထောက်ပံ့ခြင်းဖြစ်ပြီး ပထမတစ်နှစ်တာ ကာလအတွင်းတွင်  မောင်တောမြို့နယ်မှာ နေအိမ်ပေါင်း (၂၅၀) ဆောက်လုပ်လှူဒါန်းခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် လွဲှပြောင်းပေးခဲ့သည်။

“အထူးသဖြင့် ကျွန်တော်တို့ အိမ်ဆောက်တာတို့ လမ်းတံတားလုပ်တာတို့ နောက်တံတားဆောက်တာတို့ ဘာတို့ အဲဒါတွေကို ကျွန်တော်တို့က အိန္ဒိယအစိုးရကနေ မြန်မာအစိုးရဘက်ကို ကူညီဖို့အတွက် အဆင်သင့်ရှိနေပါတယ်” ဟု အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Saurabh Kumar က ဆိုသည်။

နားလည်မှုစာချွန်လွှာအရ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်  မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ကျေးလက်ဒေသလမ်းပန်းဆက်သွယ်ရေး၊ ရေနှင့်သန့်ရှင်းရေးစသည့် ကျယ်ပြန့်သော နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း ၂၂ ခုကို ဆက်လက်အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားသည်။

ယခု ထောက်ပံ့ငွေသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးအတွက်ဖြစ်ပြီး ပြည်နယ်တွင်း လိုအပ်လျက်ရှိသည့် နေရာများတွင် ယင်းထောက်ပံ့ငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များကြား ညှိနှိုင်းခဲ့မှုများရှိခဲ့သည်။

“(စီမံကိန်းကို စနစ်တကျ လုပ်ဆောင်မှု ရှိ၊မရှိ)ကိုတော့ စောင့်ကြည့်ရမယ်။ နောက်ပြီးတော့ ဒီအလုပ်တွေ လုပ်တော့မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ရမယ်ဆိုပြီးတော့လည်း ပြောထားပြီးသား ” ဟု ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဒေသတွင်း အာဆီယံနိုင်ငံများသာမက ဂျပန်နိုင်ငံ စသည့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်သော အကူအညီ အထောက်အပံ့များသည် မြန်မာနိုင်ငံအစိုးရ၏  နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ ပြင်ဆင်မှုများနှင့် အခြေအနေကောင်းများ ဖန်တီးပေးမှုများအတွက် များစွာအကူအညီဖြစ်ကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

 

ဗီဒီယိုများ