ရခိုင်က ကိုဗစ်ရောဂါပိုးကူးစက်ခံရသူများထဲတွင် ကျန်းမာရေးဝန်ထမ်း ၄၀ ကျော်အထိ ပါဝင်လာ

ရခိုင်ပြည်နယ်အတွင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၅၀၈ ဦး အထိ ရှိလာနေပြီး ယင်းအထဲတွင် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း ၄၀ ကျော်အထိ ပါဝင် နေကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

By ကျော်သူဌေး 05 Sep 2020

ကျော်သူဌေး | DMG
စက်တင်ဘာ ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၅၀၈ ဦး အထိ ရှိလာနေပြီး ယင်းအထဲတွင် ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း ၄၀ ကျော်အထိ ပါဝင် နေကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းများမှ စစ်တွေ၊ ကျောက်ဖြူနှင့် အခြားမြို့နယ်တို့မှပါဝင်ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“၄၀ ကျော်လောက်ရှိတယ်။ ကျောက်ဖြူတို့လည်းပါတယ်။ ပေါက်တောလည်းပါတယ်။ ကျောက်တော်လည်း ပါတယ်။ အဲလိုမျိုးပါပဲ နည်းနည်းပါးပါး တစ်ယောက်စနှစ်ယောက်စကနေ ၃၊ ၄၊ ၅ ယောက် ၁၀ ယောက်၊ အမျိုးအမျိုးပါတာပေါ့ ”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ယခု COVID-19 Positive တွေ့ရှိထားသူများထဲတွင် စစ်တွေမြို့မှ ဆရာဝန် ၂ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၅ ဦး ပါဝင်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က DMG သို့ ပြောသည်။

“စစ်တွေဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း (၁၇)ယောက်ပါတယ်။ အဓိကဆရာဝန် (၂) ယောက်ရယ်။ ကျန်တဲ့ ဆရာမတွေရယ်၊ သူနာပြုအကူတွေပါတယ်။ ကျန်တဲ့မြို့နယ်တွေမှာလည်း တစ်ယောက်စနှစ်ယောက်စတော့ ပါကောင်းပါနိုင်မှာပေါ့ ” ဟု ဒေါက်တာဇော်လွင်က ပြောသည်။

လက်ရှိ စစ်တွေဆေးရုံကြီးတွင် Covid-19 ပိုးတွေ့လူနာ ၂၅၀ ကျော်ရှိသည့်အထဲမှ ရောဂါအခံရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရသူ (၄)ဦးရှိကာ ကျန်ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်ကြောင်း ဒေါက်တာဇော်လွင်က ဆက်ပြောသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ကုန်အပါအဝင် အခြားနေရာများမှ ဆရာဝန်နှင့် သူနာပြုများအပါအဝင် ဝန်ထမ်း ၁၂၈ ဦးမှာ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ ပေါက်တောနှင့် မာန်အောင်မြို့နယ်တို့တွင် ယာယီတာဝန်ထမ်းဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ