စစ်ဘေးဒုက္ခသည်များအတွက် လှူဒါန်းရာတွင် ဟိန္ဒူနှင့် မွတ်ဆလင်များလည်း ပါဝင်လာ

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်များအတွက် လှူဒါန်းမှု များတွင် ရခိုင်ပြည်နယ်အတွင်းမှ ဟိန္ဒူနှင့် မွတ်ဆလင်များလည်း ပါဝင်လာကြောင်း သိရှိရသည်။

By မြတ်ဆွေ 28 Jul 2020



မြတ်ဆွေ | DMG
ဇူလိုင် ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်များအတွက် လှူဒါန်းမှု များတွင် ရခိုင်ပြည်နယ်အတွင်းမှ ဟိန္ဒူနှင့် မွတ်ဆလင်များလည်း ပါဝင်လာကြောင်းသိရှိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်းတွင်ခိုလှုံနေသည့် စစ်ဘေး ဒုက္ခသည်များအတွက် ဟိန္ဒူဗုဒ္ဓဘာသာရေးအဖွဲ့မှ ဆန်နှင့်ဆီများကို လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရန်အတွက် စစ်တွေမြို့ရှိ ဟိန္ဒူဗုဒ္ဓဘာသာဝင်များထံမှ အလှူငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတစ်ခုလျှင် ဆန်ငါးအိတ်နှင့် ဆီဆယ်ပိဿာစီလှူဒါန်းခဲ့သည်ဟု စစ်တွေမြို့နယ် ဟိန္ဒူဘာသာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်လှကပြောသည်။

“ကျွန်တော်တို့ဟိန္ဒူတွေ ဒုက္ခရောက်နေကြတဲ့အချိန်မှာ ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားတွေ လှူခဲ့တာရှိတယ်။ အခုကျွန်တော်တို့လည်း ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်နေကြတဲ့အချိန်၊ စစ်ဘေးရှောင် တွေ အခက်အခဲတွေကြုံနေတဲ့အချိန်မှာ ကျွန်တော်တို့ဟိန္ဒူအနေနဲ့ ကိုယ်တတ်နိုင်သလောက်ကို ဝိုင်းဝန်း ပြီးတော့ ကူညီတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့မှ ကေသရဘုန်းတော်ကြီးကျောင်း၊ ဥဿလင်းဘုန်းတော်ကြီးကျောင်း၊ မေယုဓမ္မစက္ကူ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မရာမဘုန်းတော်ကြီး၊ ရွှေပြည်သာဘုန်းတော်ကြီးကျောင်းနှင့် ဘုရားများသိမ်ကျောင်း တို့တွင် လှူဒါန်းမှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ရေဘုတ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ မခိုင်အေးဝင်းက “ဒီလိုမျိုး လာရောက် လှူဒါန်းပေးတဲ့သူတွေကိုကျေးဇူးတင်တယ်။ အခုကရွာကပြေးလာတာဆိုတော့ အစားအသောက်တွေ၊ အနေ အထိုင်တွေ အခက်အခဲကြုံနေရတာပေါ့။ နောက်ထပ်လည်းအဖွဲ့အစည်းတွေကလာရောက်ပြီး လှူပေးစေ ချင်တယ်”ဟု ပြောသည်။

ရွှေပြည်သာဘုန်းတော်ကြီးကျောင်းတွင် လူဦးရေစုစုပေါင်း ၁၉၇ ဦးရှိကာ စားဝတ်နေရေး အခက်အခဲကြုံနေ ကြရသည်ဟု စခန်းတာဝန်ခံထံမှသိရသည်။

ယခုကဲ့သို့ လာရောက်လှူဒါန်းသဖြင့် ကျေးဇူးတင်မိကြောင်း ရွှေပြည်သာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံ နေသည့် စခန်းတာဝန်ခံ ဦးလှထွန်းစိန်က ဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း စစ်တွေမြို့နယ် မွတ်ဆလင်ကျောင်းသူ/ကျောင်းသားများမှ လူသားချင်းစာနာ ထောက်ထားသည့်အနေဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေသုံးသိန်းကျပ် လှူဒါန်းခဲ့ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်ခန့်ကာလအတွင်း စစ်ဘေးဒုက္ခသည်ဦးရေမှာ နှစ်သိန်းခန့်အထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)က ထုတ်ပြန်ထားသည်။

စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲအပြင် အခက်အခဲမြောက်များစွာကြုံတွေ့နေရပြီး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုများမှာလည်း နည်းပါးလာနေကြောင်း စခန်းတာဝန်ရှိသူများက ပြောဆို ကြသည်။

ဗီဒီယိုများ