ရခိုင်နယ်/လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးထိန်လင်း(ငြိမ်း)ကို သမ္မတရုံးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်

ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ထိန်လင်း(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် မေလ ၂၀ ရက်နေ့မှစ၍ ခန့်အပ်တာဝန်ပေးလိုက်သည်ဟု သမ္မတဦးဝင်းမြင့်လက်မှတ် ရေးထိုး၍ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။

By ခိုင်ရိုးလ 02 Apr 2020

ခိုင်ရိုးလ | DMG
ဧပြီ ၂၊ စစ်တွေ

ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ထိန်လင်း(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် မေလ ၂၀ ရက်နေ့မှစ၍ ခန့်အပ်တာဝန်ပေးလိုက်သည်ဟု သမ္မတဦးဝင်းမြင့်လက်မှတ် ရေးထိုး၍ မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။

ဗိုလ်မှူးကြီး ထိန်လင်း(ငြိမ်း)ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကြံပြုတင်ပြနိုင်ရန်အတွက် သမ္မတရုံးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီး ထိန်လင်း(ငြိမ်း)သည် ရခိုင်နှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များ၌ အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့သူဖြစ်သည်။ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်မှ အနားယူပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် အလှမ်းဝေးကွာသွားသော်လည်း ယခုကဲ့သို့ သမ္မတရုံးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်မှုနှင့်ပတ်သက်ပြီး ကြိုဆိုသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ထိပ်ပိုင်းခေါင်းဆောင် စောမြရာဇာလင်းက DMG သို့ပြောသည်။

“ဗိုလ်မှူးကြီးထိန်လင်းဟာ ရခိုင်နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့တယ်။ သူ့ကို အကဲခတ်ရသလောက်တော့ ပါးနပ်မှုအများကြီးရှိပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း တော်တော့်ကို ပြေပြစ်တဲ့သူတစ်ဦးဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဗိုလ်မှူးကြီးထိန်လင်း(ငြိမ်း)သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဘက်မူလတာဝန်များကို ထမ်းဆောင်ခဲ့ကာ မကြာခင်ကမှ တပ်မတော်က အနားယူခဲ့သည်။

ဗီဒီယိုများ